ရှမ်းပြည်နယ်မှ ကချင်တိုင်းရင်း သား သောင်းချီပြီး မဲပေးခွင့် မရရှိကြ


2015.11.08
taunggyi-voters-620.jpg တောင်ကြီးမြို့ ကန်သာရပ်ကွက်မဲရုံမှာ လာရောက်မဲထည့်ကြသူတွေကို အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Khun Yar Zar/ RFA

ရှမ်းပြည်နယ်မှာ ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စား လှယ်လောင်းတွေကို မဲပေးခွင့်ရရှိတဲ့ ကချင်တိုင်းရင်းသား ၇ သောင်းသာ ရှိတယ်လို့ ကော်မရှင်က စာရင်းထုတ်ပြန်ထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးသူတွေ အမြောက်အများ ရှိနေတယ်လို့ သိရပါတယ်။

ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ရာမှာ နာမည်ကျန်ခဲ့တဲ့ ကချင်တိုင်းရင်းသားတွေစာရင်းကို စုစည်းပေးဖို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန် ထားတယ်လို့ ကချင်တိုင်းရင်းသား ကိုဇော်နော်က ပြောပါတယ်။

"ကျနော်တို့ ရပ်ကွက် ၁ ရုံးမှာသွားကြည့်တယ်၊ ကျနော်စာရင်းက အဲ့လိုပဲ ရှေ့က ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ်လွှတ်တော်မှာပါနေပြီး ကချင်ရေးရာဝန်ကြီး မဲစာရင်းမှာမပါဘူး ဖြစ်နေ တယ်ပေါ့နော်၊ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်နယ်ခွဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ သွားတွေ့တယ်၊ သူကတော့ စာရင်းတွေအမြန်ကောက်ပြီးတော့ တင်လိုက်ပါပေါ့၊ ဒါကိုသူတို့အမြန်ဆုံး ပြန် လုပ်ပေးမယ်လို့တော့ပြောတယ်၊ ဒါပေမဲ့ ဒီရှမ်းပြည်တစ်ခုလုံးမှာ ဒီလိုအမှားအယွင်းမျိုးက နေရာတကာ မှာရှိနိုင်တယ်"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်တိုင်းရင်းသား နှစ်သိန်းလောက်နေထိုင်နေတာဖြစ်ပြီး ကော်မရှင်က ထုတ်ပြန်တဲ့စာရင်းအရ မဲပေးခွင့်ရရှိသူ ၇ သောင်းသာရှိတယ်လို့သိရပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ နာမည်ကျန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ဦးနှစ်ဆန်းဦးက အခုလိုပြောပါတယ်။

"ဒီမဲစာရင်း စပြုစုတုန်းက ပုံစံ ၁ ၊ ပုံစံ ၆၆/၆ နဲ့ စကောက်တဲ့အချိန်မှာ ဒီပုံစံ ၁ မှာကျတော့ တိုင်းရင်းသားနဲ့ လူမျိုးဘာသာ ဆိုတဲ့အကွက်က သူပုံစံချပေးထားတဲ့ ပါမလာတော့ ဒုတိယနောက်တစ်ကြိမ် ကျနော်တို့ တိုင်းရင်းသားမဲစာရင်တွေ ပြုစုပါဆိုတဲ့အချိန်မှာ သေချာထပ်ပြီးကောက်တယ်၊ ပုံစံ ၃ (က)နဲ့ ထပ်ပြီးတော့မှ တိုင်းရင်းသားအဖွဲ့တွေကို ပြန်ပြီးတော့ တိုင်းရင်းသားလူမျိုးအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရွေး ချယ်ပေးဖို့ တိုင်းရင်းသားမဲစာရင်းတွေ တောင်းတဲ့အချိန်မှာ တချို့ပြည်သူတွေ မဲဆန္ဒရှင်တွေက တိုင်းရင်းသားအကွက်မှာဖြည့်ဖို့ ကျန်သွားတဲ့အတွက် သက်ဆိုင်ရာမဲစာရင်းပြုစုတဲ့ မြို့နယ်ကော်မရှင်က ဒီအကွက်မှာ တိုင်းရင်းသားအတွက် မပါသွားလို့ လွှတ်တော် ၃ ရပ်အတွက်ပဲ ပါသွားတာတွေ အဲ့ဒါလေးတွေ အားနည်းချက်တွေ့ပါတယ်"

ရှမ်းပြည်နယ်မှာ ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အာခါ၊ အင်းသားနဲ့ ကယန်း(ပဒေါင်)စတဲ့ တိုင်းရင်းသားတွေနေ ထိုင်ပြီး အဲ့ဒီတိုင်းရင်းသားတွေအတွက် လူမျိုးစုတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေ ရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။