EMP စိစစ်ပြီးမှ ကျောက်လုပ်ကွက်တွေ သက်တမ်းတိုးခွင့်ပြုမည်

ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေ သက်တမ်းတိုးလျှောက်တဲ့အခါမှာ EMP လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေ စနစ်တကျထည့်သွင်း ရေးဆွဲထားခြင်းရှိမရှိကို စိစစ်ပြီးမှ သက်တမ်း တိုးပေးဖို့သင့်မသင့် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦး H လအောင် က ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ပြည်နယ်တွင်းက ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွေမှာ ယန္တရားတွေနဲ့ ယမ်းဘီလူးတွေ အများအပြားသုံးစွဲတာ၊ လူသေဆုံးမှုများလာတွေကြောင့် အခုလို စိစစ်မှာဖြစ်တယ်လို့ ဦး H လအောင်က ပြောပါတယ်။

"Environmental Management Plan မရှိဘဲနဲ့ ကျနော်တို့က ဘာမှလက်မခံဘူး။ သူတို့ အခု လက်ရှိလုပ်နေတဲ့ လူတွေ သက်တမ်းတိုးခဲ့လို့ရှိရင်လည်း အဲဒါရေးဆွဲပြီးမှပဲ ကျနော်တို့က လက်ခံမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့နှစ်တွေမှာ တူးလာခဲ့တာ ယန္တရားကြီးတွေ မတန်တဆသုံးတယ်။ အဲဒီလိုပဲ ယမ်းဘီလူးတွေ လည်း မတန်တဆသုံးတယ်။ လူသေမှုတွေ များလာတယ်။ နောက်တစ်ခါ ဒီရေမဆေးပြဿနာတွေက အစပေါ့လေ။ အဲဒီလိုပဲ သဘာဝကလည်း အများကြီးပျက်စီးတယ်"

စက်တင်ဘာလအထိ နောက်ဆုံးစာရင်းတွေအရ ကချင်ပြည်နယ်က ကျောက်စိမ်းတွင်းနယ်မြေတွေမှာ တူးဖော် လုပ်ကိုင်နေကြတဲ့ လုပ်ကွက်ပေါင်း ၆ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ကုမ္ပဏီတွေရဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေဟာ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၀ စတဲ့နှစ်တွေအလိုက် သက်တမ်းကုန်ဆုံးကြမှာဖြစ်ပြီး လောလောဆယ်မှာ အသစ်ထပ်မံ တူးဖော်ခွင့်ပြုထားတာမရှိဘူးလို့ ဆိုပါတယ်။

အခုနှစ် ပွင့်လင်းရာသီမှာ ကျောက်စိမ်း တူးဖော်လုပ်ကိုင်ကြမယ့် လုပ်ကွက်ပေါင်း ၆ ထောင်ကျော်ဟာ လုံးခင်း-ဖားကန့်၊ မော်လူး-မော်ဟန်နဲ့ နန့်ယားဆိပ် စတဲ့ ရတနာနယ်မြေ ၃ ခုမှာဖြစ်ပါတယ်။

အဲဒီ လုပ်ကွက် ၆ ထောင်ကျော်အထဲက လုံးခင်း-ဖားကန့် ရတနာနယ်မြေက လုပ်ကွက် နှစ်ရာကျော်ဟာ အစိုးရနဲ့ အကျိုးတူလုပ်ကိုင်ကြတာဖြစ်ပြီး ကျန်တာတွေအားလုံးက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ တူးဖော်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒီကျောက်စိမ်းတွင်းနယ်မြေတွေဟာ အထူးသဖြင့် ဖားကန့်ဒေသမှာ ကျောက်စိမ်းအရိုင်းတုံးတွေကို တူးဖော်ထုတ်လုပ်ရောင်းချမှုတွေနဲ့အတူ ရေမဆေးသမားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်မှု၊ မူးယစ်ဆေးဝါးအန္တရာယ် စတဲ့ပြဿနာတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ စီးပွားရေးနယ်မြေတစ်ခုဖြစ်ပါတယ်။