ကချင်မှာ စစ်စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီတပ် လေကြောင်းကတိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့ မနက်မှာတော့ စစ်ကောင်စီတပ်က အဲဒီရွာဘက်ကို ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်က ဂျက်တိုက်လေယာဉ်တွေနဲ့ သုံးကြိမ်ခန့် လာရောက် တိုက်ခိုက်ခဲ့တာလို့လည်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မလိယန်ဘက်မှာ လေယာဉ်နှစ်စင်းနဲ့ သုံးကြိမ် လာပစ်သွားတယ်။ အဲက စခန်းကို တော့ မနေ့က KIA က သိမ်းလိုက်တော့ ဒီနေ့လာပစ်တာပေါ့။ လူတွေ ထိခိုက်တောတွေ တော့ မရှိဘူး။ အဲဘက်မှာ တိုက်ပွဲဖြစ်နေ တာကတော့ ကြာပြီ”

KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မလိယန်ဘက်မှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

“မလိယန်ဘက်မှာ တိုက်ပွဲက ပုံမှန်လိုဖြစ်နေတယ်။ ဒီနေ့လည်း တံတားဦးဘက်က လေယာဉ်နှစ်စင်းနဲ့ လာပစ်သွားတယ်။ မဒီးယန်ဘက်တွေမှာလည်း စစ်ကောင်စီတပ် တွေ လှုပ်ရှားလာတော့ တိုက်ပွဲက ပုံမှန်ဖြစ်နေတယ်။ နှစ်ဖက်တပ်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေလည်းရှိနေတယ်”

စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုနောက်ဆက်တွဲ အခြေအနေအသေးစိတ် ကိုတော့ မသိရ သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီ တပ်တွေက ဇူလိုင် ၂ ရက်နေ့က စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲဖြစ်ပွားနေတာပါ။

နမ်ဆန်ယန်ကျေးရွာကို မြစ်ကြီးနားဘက်ကနဲ့ ဗန်းမော်ဘက်တွေက စစ်ကောင်စီတပ် တပ်ရင်း ၁၀ ရင်း လောက်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး KIA ဘက်လည်း နမ်ဆန်ယန် ဘက် ဝင်လို့မရအောင် လမ်းတွေမှာ တိုက်ခိုက်တားဆီးနေတာကြောင့် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ပွဲတွေကြောင့် ဇူလိုင်လ ၃ ရက်နေ့ကတည်းက မြစ်ကြီးနား-ဗန်းမော်လမ်းကို လည်း နှစ်ဖက်တပ်တွေက ပိတ်ထားဆဲဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေလည်း အခက်အခဲဖြစ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နမ်ဆန်ယန်၊ ခါလားယန်၊ ဆိုင်မိုင်၊ ပေါဆယ်၊ ရွတ်ဂျတ်၊ ပန်ဆောင် စတဲ့ကျေးရွာကို ပြန်ပြီး စိုက်ပျိုးရေးသွားလုပ်တဲ့ စစ်ဘေးဒုက္ခသည်တွေလည်း သွားလာလို့မရတော့ဘဲ အခက်အခဲဖြစ်နေကြတာ ဖြစ်ပါတယ်။