ကချင်ဘာသာရေးခေါင်းဆောင် ၂ ဦးဟာ KIA သတင်းပေးတွေဟု အစိုးရပြော

ရှမ်းပြည်မြောက်ပိုင်းမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အသင်း KBC ဘာသာရေးခေါင်းဆောင်၂ ဦးနဲ့ ပတ်သက်ပြီး သူတို့ဟာ ဘာသာရေးခေါင်းဆောင်မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်း မှာ လက်နက်ကိုင်အဖွဲ့တွေအတွက် လူသစ်စုဆောင်ပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန်ဝါဒဖြန့်ခြင်းတွေကို လုပ်ဆောင်တာကြောင့် တပ်မတော်က ဖမ်းထားတယ်လို့ မနေ့က ထုတ်ပြန်တဲ့ အစိုးရသတင်း ဖေါ်ပြထားပါတယ်။

ဖမ်းထားသူတွေဟာ မုံးကိုးမြို့က ဒီဒီနောင်လတ်နဲ့ လန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးဖြစ်ပါတယ်။ သူတို့ ၂ ဦး ပျောက် ဆုံးနေတာနဲ့ပတ်သက်ပြီး HRW နဲ့ Fortify Rights အဖွဲ့တွေက ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။ အခုလိုနိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်အပြီး မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို ဒီဇင်ဘာ၂၄ ရက်နေ့က ဖမ်းစီးခဲ့ပြီး စစ်ဆေးချက်တွေအရ ဒီဒီနောင်နောင်လတ်ဟာ မုံးကိုးမြို့ KBC ဥက္ကဌ အသွင်ယူပြီး တပ်မတော်စစ်ကြောင်းများသတင်းတွေကို လက်နက်ကိုင်အဖွဲ့များကိုပေးခဲ့သလို ငွေကြေးထောက်ပံ့ မှုတွေလုပ်ခဲ့တဲ့အပြင် ပြည်ပမီဒီယာတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာနဲ့ ပြည်သူလူထုအထင်လွဲအောင် မဟုတ်မမှန် ဝါဒဖြန့်ခြင်းပြုလုပ်တယ်လို့ ဖေါ်ပြထားပါတယ်။

အလားတူ လန်ဂန်ဆိုင်းဟာလည်း KIA ကို သတင်းပေးခြင်း လူသစ်စုဆောင်းပေးခြင်း၊ စက်သုံးဆီတွေသယ်ယူ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့ ရေးထားပါတယ်။

သူတို့ နှစ်ဦးနဲ့ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းချက်အရ အစိုးရတပ်က ဖမ်းထား တာမဟုတ်ဘဲ မြေပြင်သတင်းအရ KIA က ဖမ်းထားတာဖြစ်တယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖြေကြားခဲ့တဲ့ အကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။