မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်


2016.11.29
myitsone-620.jpg မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကောင်အထည်မဖော်သင့်ကြောင်း ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်သုံးသပ်ရေးကော်မရှင် စေလွှတ် ထားတဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသုတေသနအဖွဲ့ ကွင်းဆင်းလေ့လာစဉ် ကန့်ကွက်လိုက်ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံသုတေသန MEI အဖွဲ့နဲ့ မနေ့က တွေ့ဆုံချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြော ပါတယ်။

"ဒီမြစ်ဆုံစီမံကိန်းတည်ဆောက်ခြင်းရဲ့ရလာမယ့် အကျိုးထက် အပြစ်ကပိုပြီးများလာနိုင်တယ် ဆိုပြီးတော့မှ မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ဘူး ဆိုတဲ့အဖြေထွက်ပါတယ်၊ အဲ့တော့ တချို့ကကလည်း ကောင်းကျိုးအတွက်ဆွေးနွေးတာလည်း ရှိပါတယ်၊ ကောင်းကျိုးထက်ဆိုးပြစ်က ပိုပြီးများလာနိုင်တဲ့ အတွက် အများစုက မြစ်ဆုံတည်ဆောက်ခြင်းကို သဘောမတူခြင်းဖြစ်ပါတယ်"

ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်က မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံသုတေသနအဖွဲ့ကို ကွင်းဆင်းလေ့လာဖို့ စေလွှတ်ထားတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဧရာဝတီမြစ်နဲ့ ဆက်စပ်မြို့နယ်တွေက ဒေသခံတွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတွေ့ဆုံပွဲကို ခေါင်လန်ဖူး၊ ပူတာအို၊ နောင်မွန်း အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော် စတဲ့ ဧရာဝတီမြစ်နဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ကိုယ်စားလှယ်တွေ အပါအဝင် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာကော်မတီက လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၂ဝ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ဖျား ရေခဲတောင်ဒေသတွေကနေမြစ်ဖျားခံပြီး မေခ နဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံ လို့ ဖြစ်ပေါ်လာတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် မေခနဲ့ မလိခမြစ်တွေပေါ်မှာပါ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ရေကတာစီမံကိန်း ၇ ခုကို အပြီးတိုင်ဖျက်သိမ်းဖို့ အလွှာအသီးသီးက ပြည်သူတွေ က တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။