ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပနေတဲ့ ကချင်အမျိုးသား တွေ့ဆုံပွဲကနေ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံမှာ တက်ရောက်ဖို့ ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ပြောဆိုနိုင်မယ့် ကိုယ်စားလှယ်တွေကို ဒီဆွေးနွေးပွဲ ကနေ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင် ကပြောပါတယ်။
"ကချင်တွေရဲ့ ခံစားချက်တွေ၊ လိုလားချက်တွေကို တင်ပြသွားဖို့အတွက် အားလုံကပါဝင်နိုင်မှ ပါဝင်နိုင် မှာလေ၊ အယောက် ၁ဝဝ ကျနော်တို့ ဒီအချိန်မှာ သူ့အခန်းကဏ္ဍနားလည်မှု လိုလားချက်တွေကို ကျနော်တို့ တင်ပြသွားဖို့အတွက် မျှော်လင့်တယ်"
အခု ဆွေးနွေးပွဲကနေ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်အယောက် ၁၀၀ ကိုရွေးချယ်မှာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ မှာ ကချင်တိုင်းရင်းသားတွေ တက်ရောက်ဖို့ သတ်မှတ်ထားတဲ့ လူဦးရေ ရရှိလာတဲ့အခါ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်အယောက် ၁၀၀ ထဲကနေ ထပ်မံပြီး ရွေးချယ်ပြီး စေ လွှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပါတီလေးခုနဲ့ ဖွဲ့စည်းထားတဲ့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်ပြီးတော့လည်း ကချင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရဲ့ မူအရ ဒေသအလိုက်၊ လူမျိုးအလိုက်၊ အမျိုးသားအဆင့် အပါအဝင် ဆွေးနွေးပွဲတွေလုပ်မယ်ဆိုရင် သက်ဆိုင်တဲ့ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလက်န က်ကိုင်အဖွဲ့တွေက NCA မှာ လက်မှတ်ရေးထိုးမှသာ လုပ်ဆောင်နိုင်ခွင့်ရှိကြောင်း သဘောတူထားကြတာဖြစ်ပါတယ်။
