အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အားလုံးကို ၂၁ ပင်လုံမှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆို

အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့်ပြုဖို့ ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသားများ တွေ့ဆုံပွဲက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ကျင်းပခဲ့တဲ့ ကချင်အမျိုးသားများတွေ့ဆုံပွဲက မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ၂၁ ရာစု ပင်လုံဆွေးနွေးပွဲဟာ ၁၉၄၇ ပင်လုံစာချုပ်နဲ့ ကတိကဝတ်တွေကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မယ့် ညီလာခံဖြစ်ဖို့၊ တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပ အကူအညီတွေကို ခွင့်ပြုပေးဖို့ စတဲ့တောင်းဆိုချက်တွေလည်း ပါရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်တာကနေ ပယ်ဖျက်ပေးဖို့၊ လူနေဒေသတွေမှာ တပ်စွဲတာတွေ ပစ်ခတ်တာတွေ မလုပ်ဘဲ လူ့အခွင့်အရေး ချိုးဖောက် တာတွေကို အရေးယူဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် အစိုးရနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း ကချင်အမျိုးသား တွေ့ဆုံပွဲကနေ တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသားများတွေ့ဆုံပွဲကို ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့က ဦးဆောင်ပြီး ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ကချင်လူထုကိုယ်စားလှယ် ၈၄၅ ယောက်နဲ့ ကချင်လူမှုအဖွဲ့အစည်းပေါင်း ၂၁ ခုတို့ တက်ရောက်ခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့အတွက် ကချင်တိုင်းရင်းသား ကိုယ်စားလှယ် အယောက် ၁၀၀ ကိုလည်း အဲဒီတွေ့ဆုံပွဲကနေ ရွေးချယ်လိုက်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အရင်က ကချင်အမျိုးသားညီလာခံ ခေါင်းစဉ်နဲ့ ကျင်းပဖို့ စီစဉ်ထားပေမယ့် ပြည်နယ်အစိုးရက တားမြစ်ခဲ့ပြီး ခေါင်းစဉ်ပြောင်းပြီး ကျင်းပဖို့ ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။