ဘိန်းစိုက်တောင်သူတွေကို ရိက္ခာထောက်ပံ့ဖို့ ကချင်လွှတ်တော် အတည်ပြု


2016.02.29
kachin-parliament-620.JPG ကချင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အထူးအစည်းအဝေးကို တွေ့ရစဉ်။
Photo:Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့တွေနဲ့ ဘိန်းစိုက်တောင်သူတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်နောင် မဖြစ်ပေါ်စေဖို့နဲ့ ဘိန်းစိုက်တောင်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကချင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။

အဲ့ဒီအရေးကြီးအဆိုကို ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးနော်လီ(ခ) ဦးဇခေါင်ခမ်းရယ်က အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ဆဒုံးနဲ့ ကန်ပိုက်တီဒေသ၌ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် နှစ်ဦးနှစ်ဘက် ထိခိုက်ဒဏ်ရာရခြင်း ကား၊ ဆိုင် ကယ်နှင့် လူနေအိမ်တချို့ မီရှို့ဖျက်ဆီးခြင်းခံရမှုကို စသည့်မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှု မျိုး နောက်နောင် မပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာအစိုးရမှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်လုံခြုံ မှု ပေးနိုင်ရေး၊ ဘိန်းခင်းဖျက်ဆီးခံ ဒေသခံဖျက်ဆီးခံ တောင်သူများ၊ အမှန်တကယ်နစ်နာပြီး စားနပ်ရိက္ခာ မရှိနိုင်တော့မည့် ဒေသခံတောင်သူအစစ်များအား စာနပ်ရိက္ခာ ကူညီပံ့ပိုးနိုင်ရေးနဲ့ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နဲ့ နိုင်ငံတော့အစိုးရတို့ တိုက်တွန်းနိုင်ရေးအတွက် ဒီအရေးကြီးအဆိုကို လေးလေးနက်နက် တင်သွင်းအပ်ပါတယ်ခင်ဗျာ"

အဲ့ဒီအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၄ ဦးပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ပါဝင်ဆွေးနွေး ခဲ့ပါတယ်။

လူထုအခြေပြု ဘိန်းဖျက်ရေးအဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြဆောင်ရွက်မှု မရှိခဲ့ဘဲ သတ်မှတ်လမ်းကြောင်းကို သွေဖယ်ပြီး ဆောင်ရွက်ခဲ့တာကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ရတာလို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး စိုးနိုင်က ဆွေးနွေးပါတယ်။

"အခုလို မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုများ ပေါ်ပေါက်ရခြင်းဟာဆိုရင် လူထုအခြေပြု ဘိန်းဖျက် အဖွဲ့များ အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်မှုမရှိကြောင်း တွေ့ရှိရပါတယ်၊ အဖွဲ့လိုက် သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း စနစ်တကျ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ သတ်မှတ် လမ်းကြောင်းအား သွေဖယ်ပြီးတော့ ဘိန်းဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ လို့ နှစ်ဘက်ထိခိုက် မှုများ ဖြစ်ပွားတာကိုလည်း တွေ့ရပါတယ်၊ ဒါ့ကြောင့် လုပ်နည်းလုပ်ဟန်များ မှားယွင်း မှုမရှိအောင် လူထုအခြေပြု ပါဝင်တဲ့အဖွဲ့အစည်းများမှ ဥပဒေနဲ့အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ စနစ်တကျပေါင်းစပ်ပြီး ထိန်းသိမ်းဆောင်ရွက် သွားသင့်ကြောင်း ဖြည့်စွက်ဆွေးနွေးရင်း ကျနော်၏ ဆွေးနွေးမှုကို နိဂုံးချုပ်အပ်ပါသည်"

ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က လွှတ်တော်မှာ ရှင်းလင်းဖြေကြား တဲ့အခါ အဲ့ဒီဘိန်းဖျက်ဆီးရေးအဖွဲ့ဟာ အစိုးရထံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့မဟုတ်ပေမယ့် အမျိုးသားရေးတာဝန်ဖြစ်တဲ့ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီမူးယစ်တိုက်ဖျက်ရေးအဖွဲ့ဟာ တရားခံ ၁ဝ၁ ဦးကို ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးမှုတွေကြောင့် တရားခံတွေဖက်က အဲ့ဒီအဖွဲ့ကို ပြန်လည်တိုင်တန်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးအဖွဲ့ ပေါ်ပေါက်လာတဲ့အချိန်ကစပြီး အခုအချိန်အထိ မြစ်ကြီးနား၊ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့် စတဲ့ မြို့နယ်တွေအတွင်း အဲ့ဒီအဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်မှုတွေကို မကျေနပ်လို့ တိုင်ကြားတဲ့ အမှု ၇ မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် နဲ့ ၂၅ ရက်နေ့မှာ ဘိန်းစိုက်တောင်သူနဲ့ ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့တွေ အကြား နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာရသူ ၃၇ ယောက် ဟာ မြစ်ကြီးနားဆေးရုံမှာ ကုသခံနေရပြီး ကား၊ ဆိုင်ကယ်နဲ့ နေအိမ်တွေ ပျက်စီးဆုံးရံှူးခဲ့ပါတယ်။

ဦးနော်လီ တင်သွင်းတဲ့ အရေးကြီးအဆိုကို ကန့်ကွက်မယ့်သူမရှိဘဲ ကိုယ်စားလှယ်အားလုံးက ထောက်ခံတာကြောင့် အတည်ပြုလိုက်ပါတယ်။

အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးနော်လီ ခေါ် ဦးဇခေါင်ခမ်းရယ် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။