ကချင်လွှတ်တော်အရေးပေါ်အစည်းအဝေး ကန့်ကွက်မှုတွေကြောင့်ရုပ်သိမ်း
2019.01.28
၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို တွေ့ရစဉ်
ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး ၃ဦးနေရာ အစားထိုးဖို့နဲ့ ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖဲ့ွစည်းဖို့ အတွက် ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ကန့်ကွက်မှုတွေ ရှိတာကြောင့် အစီအစဉ်တွေ မပြီးဆုံးသေးဘဲ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါတယ်။
လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာန ဆိုပြီး သီးခြားစီခွဲထုတ်မယ့်အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်တာတွေ ရှိတဲ့အတွက် လွှတ်တော်ကို ရုပ်သိမ်းလိုက်တာလို့ သိရပါတယ်။
လစ်လပ်ဝန်ကြီး ၃ဦးနေရာမှာ အစားထိုးမယ့် အမည်စာရင်းကို တင်သွင်းနိုင်ခြင်းမရှိသေးဘဲ လွှတ်တော် အစည်းအဝေးကို ရုပ်သိမ်းပြီး ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဘယ်နေ့မှာ ပြန်လည်ကျင်းပမယ်ဆိုတာကို ဒီနေ့ ကြေညာတာ မရှိဘူးလို့လည်း သိရပါတယ်။
စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် တို့နေရာမှာ အစားထိုးမယ့် ဝန်ကြီးအသစ် အမည်စာရင်းတွေကို တင်သွင်းဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ဝန်ကြီးချုပ် ရဲ့ပေးပို့စာကို ဖတ်ကြားခဲ့ပါတယ်။
"လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် ၂ ခုခွဲပြီး ဝန်ကြီးဌာန ၈ ခု တိုင်းရင်းသားရေးရာ ဝန်ကြီးရေးရာဌာန ၄ ခု၊ စုစုပေါင်း ၁၂ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းရန်အတွက် ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုပေးနိုင်ရန် ညှိနှိုင်းအပ်ပါသည်"
ကချင်ပြည်နယ် ဝန်းကြီးချုပ်က အတည်ပြုပေးဖို့ တင်သွင်းလာတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မှားယွင်းနေတယ်လို့ တနိုင်းမြို့နယ် မဲဆန္ဒနယ်(၂)ကိုယ်စားလှယ် ဦးဇော်ဝင်းက လွှတ်တော်မှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
"ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကနေ အတည်ပြုပေးဖို့ တင်သွင်းလာတာ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင် လုံး၀ မှားယွင်းနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာန ခွဲခြင်း၊ မခွဲခြင်းကို မပြောလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးဌာန ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းကို ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့် ပေးမထားပါဘူး၊ နိုင်ငံတော် သမ္မတမှ လွှတ်တော်ကို တင်သွင်းလာမှသာ ကျွန်တော်တို့ ဆက်လုပ်လို့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဝန်ကြီးဌာန ဖွဲ့ခြင်း တွဲခြင်းကို မပြောလိုပါ။ သို့ပေမယ့် ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့် ဟုတ်သလား မဟုတ်သလား ဆိုတာကိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ စဉ်းစားပေးစေလိုပါတယ်"
ဒါနဲ့ပတ်သက်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်က အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
"အခြေခံဥပဒေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို ကျွန်တော်တို့ ကြည့်ပါတယ်၊ အဲလိုကြည့်တဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ် ပြောသွားတဲ့အတိုင်း မှန်ပါတယ်လို့ ကျွန်တော်တို့ ပြောရမယ့် အနေအထားမျိုး ဖြစ်တာပေါ့နော်၊ အဲဒီအတွက် သမ္မတကနေပြီးတော့ တိုက်ရိုက်ဝင်တဲ့ စာရှိပါတယ်၊ အဲဒီအရ ကျွန်တော်တို့ လုပ်ရတာဖြစ်ပါတယ်၊ လုပ်ထုံးလုပ်နည်းအရ၊ ဥပဒေအရ ဘောင်မဝင်ဘူးဆိုရင် သမ္မတရဲ့ အမိန့်အရ စာအရ ကျွန်တော်တို့ လုပ်ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်၊ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ထိရှိတယ်ဆိုတာတော့ အားလုံးသိကြတဲ့ အတိုင်းဖြစ်ပါတယ်"
အဲဒီလို လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးပြီးနောက် လွှတ်တော်ကို မိနစ် ၂၀ ရပ်နားခဲ့ပါတယ်။
အဲဒီနောက် သမ္မတရဲ့ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်က တင်ပြတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပိုင်းကို တွေ့ရတဲ့တွက် ဥပဒေအတိုင်းပဲ ပြန်လည်လုပ်ဆောင်နိုင်ရန် သမ္မတရုံးကို အကြောင်းပြန်ထားပြီဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ကြေညာလိုက်ပါတယ်။
ဒါကြောင့် ဒီနေ့အစည်းအဝေးကို ရပ်နားလိုက်ပြီး နောက်ထပ်အစည်းအဝေးကိုတော့ သမ္မတနဲ့ ပြည်နယ်အစိုးရအဖွဲ့ ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်းပေါ်မူတည်ပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
အစည်းအဝေး အစီအစဉ်အရ လစ်လပ်နေတဲ့ ဝန်ကြီး ၃ဦးနေရာမှာ အစားထိုးခန့်အပ်မယ့် ဝန်ကြီးအသစ်တွေရဲ့ အမည်စာရင်းတွေ တင်သွင်းဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ဂျန်မာ ပေးပို့တာပါ။









