မူးယစ်ပညာပေး ကချင်ပြည်နယ်မှာ ပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတားဆီးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် အသိပညာပေးလုပ်ငန်းတွေကို ရွှေလျားမော်တော်ယာဉ် စာကြည့်တိုက် နဲ့ အခုရက်ပိုင်းမှာ လှည့်လည်ပြုလုပ်နေ ပါတယ်။

မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးတွေမှာ ပြည်သူတွေ ပိုမိုသိရှိစိတ်ဝင်စားပြီး ပူးပေါင်းဆောင်ရွက်လာစေဖို့ ကွင်းဆင်းဆောင်ရွက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းရဲ့ ဒုတိယစခန်းမှူး ရဲအုပ် ဇာမဲဖုန်ရမ် က ပြောပါတယ်။

"မူးယစ်ဆေးဝါးအန္တရာယ်နဲ့ပတ်သက်ပြီး အရင်ထက်ပိုပြီးမှ ပြည်သူလူထုအပေါ် လက်တွေ့ကွင်းဆင်း ပြီး ရောက်ရှိနိုင်ဖို့ကို ဖြန့်ဝေပေးတာဖြစ်ပါတယ်"

ရဲတပ်ဖွဲ့ဟာ မြစ်ကြီးနားမြို့က အမှတ် ၁ အထက်တန်းကျောင်းရှေ့နဲ့ ပြည်သူ့အားကစားကွင်းတွေရှေ့မှာ အများပြည်သူကို လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း နဲ့ ရွှေ့လျားမော်တော်ယာဉ်မှာ ပညာပေးပိုစတာတွေ ချိတ်ဆွဲပြီး အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲ့ဒီလိုဆောင်ရွက်တာကို ကြိုဆိုကြောင်းနဲ့ လူငယ်တွေအပါအဝင် အများပြည်သူတွေ ဒီထက်ပိုပြီး စိတ်ဝင်စား မှုရှိအောင် လုပ်ဆောင်သင့်ကြောင်း မြစ်ကြီးနားမြို့ခံ ရပ်မိရပ်ဖတစ်ဦးက အကြံပြုပါတယ်။

အလားတူ အသိပညာပေးရေးတွေကို မြစ်ကြီးနားမြို့အပြင်၊ ဝိုင်းမော်၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း စတဲ့မြို့တွေ မှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။