ကချင်စစ်ပြေးဒုက္ခသည် တရုတ်အာဏာပိုင် နှင်ထုတ်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက စခန်းတွေကနေ နှင်ထုတ်လျက်ရှိရာမှာ မနေ့ကနဲ့ ဒီနေ့တွေမှာ နောက်ဆုံး ကျန်ရှိတဲ့ စခန်းစခန်းတစ်ခု ဖြစ်တဲ့ ခဒေါင်းပါစခန်းက ဒုက္ခသည်တွေကို နှင်ထုတ်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်

ခဒေါင်းပါစခန်းမှာ အိမ်ထောင်စု ၁၀၀ ခန့်ရှိပြီး လူဦးရေ ၅၆၀ ရှိတယ်လို့ စခန်းမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ WPN ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိ ပြောင်းရွေ့နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ WPN အဖွဲ့က ပြောရေး ဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။

"တရုတ်ပြည်ထဲမှာရှိတဲ့ စခန်းတွေထဲကပေါ့နော်၊ အခုနောက်ဆုံး ကျန်တဲ့စခန်းပေါ့။ ပြောင်းဆိုတော့ သူတို့နေရာက တရုတ်ပြည်ဘက်ကနေ မန်ဝိန်းကြီးဘက် ပြန်ဖို့တော်တော်ဝေးတယ်။ သူတို့အတွက်။ ပြီးတော့ လနဇွပ်ဂျာဆိုတဲ့ KIO အုပ်ချုပ် နယ်မြေပေါ့နော်၊ အဲဒီအစိုးရမဟုတ်တဲ့ အုပ်ချုပ်နယ်မြေမှာရှိတဲ့ စခန်းကို ပြောင်းဖို့အတွက်လည်း သူတို့က တော်တော်လေး အလှမ်းဝေးတယ်။ ဆိုတော့ လမ်းခရီးကလည်း ကားသွားဖို့လည်း ခက်တယ်။ ဆိုင်ကယ်လည်း သွားဖို့ခက်တဲ့ အနေအထားရှိတယ်။ မိုးတွင်းမှာ"

တရုတ်အာဏာပိုင်တွေက စခန်းတွင်းမှာရှိတဲ့ တဲများကို မနေ့ကစပြီး ဖျက်ဆီးပြီး ဖြစ်တာကြောင့် ပြောင်းရွေ့ရမဲ့ ဒုက္ခသည်တွေဟာ အထုတ်အပိုးများ ထုတ်ပိုးပြီး တရုတ်အာဏာပိုင်တွေ စီစဉ်ပေးမဲ့ ကားများကို စောင့်နေတယ်လို့ သိရပါတယ်။

မနေ့ကတော့ အိမ်ထောင်စု ၆၀ ကျော်ဟာ လနဇွပ်ဂျာ စခန်းဘက်ကို ရွေ့ကြတယ်လို့ ဆိုပါတယ်။ ခဒေါင်းပါစခန်းက ဒုက္ခသည်တွေဟာ ဗန်မော်မြို့ဘက်က ပြေးလာကြသူတွေများပြီး နေရပ်ကို ပြန်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်း ရှိနေတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖျက်သိမ်းလျက်ရှိရာမှာ သြဂုတ်လ ၂၂ ရက်နေ့ကစပြီး စခန်း ၆ ခု ဖျက်သိမ်းပြီးဖြစ်ပြီး ခဒေါင်းပါစခန်းဟာ နောက်ဆုံးကျန်ရစ်တဲ့ စခန်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org