ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် အခြေအနေ အလွန်ဆိုးရွားနေ
2012.03.23
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
အစိုးရတပ်နဲ့ KIA ကြား ပြီးခဲ့တဲ့နှစ်၊ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်ပေါင်း ငါးသောင်းခွဲလောက် ရှိနေပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့ ကုလသမဂ္ဂက ကြိုးစားခဲ့ရာမှာ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တစ်ကြိမ်ပဲ ဝင်ခွင့်ပြုခဲ့ပါတယ်။
ဆက်လက် ကူညီခွင့်ရဖို့ မိမိတို့ ကြိုးစားနေပေမယ့် အခုထိ မအောင်မြင်သေးကြောင်း၊ ဒါပေမဲ့ မဆုတ်မနစ် ကြိုးစားသွားမှာဖြစ်ကြောင်း၊ အကူအညီ လိုအပ်နေသူတွေဆီကို လိုအပ်တဲ့ အကူအညီတွေ ရောက်ရှိဖို့ အလွန်အရေးကြီးကြောင်းလည်း Amos က ပြောပါတယ်။
နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အဆိုအရ ကချင် ဒုက္ခသည်ဦးရေ အနည်းဆုံး ခုနစ်သောင်းခွဲလောက်ရှိပြီး၊ လေးသောင်းခွဲလောက်က KIA ထိန်းချုပ်ရာ နယ်မြေအတွင်း၊ တစ်သောင်းလောက်က တရုတ်ပြည် ပိုင်နက်ထဲ ရောက်သွားခဲ့ကြပြီးတော့၊ နှစ်သောင်းလောက်က အစိုးရ ထိန်းချုပ်တဲ့ နယ်မြေအတွင်း ရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။
HRW လူ့အခွင့်အရေးအဖွဲ့ဟာ ကချင်ဒုက္ခသည်တွေရှိရာ တရုတ်ပြည်နယ်စပ်ကို နှစ်လတာ သွားရောက်ခဲ့ပြီး၊ အခြေအနေတွေကို လေ့လာစုံစမ်းခဲ့ပါတယ်။
ဒုက္ခသည်တွေရဲ့ နေထိုင်၊ စားသောက်ရေး အခြေအနေတွေ အလွန်ဆိုးရွားနေပြီး၊ အကူအညီတွေ အသည်းအသန် လိုအပ်နေတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ပိုပြီး ဖိအားပေး ဆောင်ရွက်ဖို့ လိုကြောင်း၊ HRW က တိုက်တွန်းဆော်သြခဲ့ပါတယ်။









