ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အတွက် နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို နှစ်ဘက်တပ်တွေ လေးစားလိုက်နာကြဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဖော်ဆောင်ပေးဖို့ စစ်ဘေးဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကျင်းပတဲ့ ကချင်စစ်ပွဲတစ်ကျော့ပြန်ဖြစ်ပွားမှု ၅ နှစ်ပြည့် အခမ်းအနားမှာ စစ်ဘေးဒုက္ခသည်တွေက ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ကယ်ဆယ်ရေးစခန်းက ဒေါ်ရွယ်အောင်က ကြေညာချက်ကို ဖတ်ကြားခဲ့ပါတယ်။
"နှစ်ဘက်စစ်ဆင် တိုက်ခိုက်နေသူများအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် IDP များ ဂုဏ်သိက္ခာရှိစွာ နဲ့ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် စစ်မှန်သောငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးပါရန် သဘောထား ထုတ်ပြန်ချက်ကို မြစ်ကြီးနား ဝိုင်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ဗန်းမော် စစ်ရှောင်စခန်းများ မှ ရေးသားထားခြင်းဖြစ်ပါတယ်"
အဲ့ဒီထုတ်ပြန်ချက်မှာ စစ်ဘေးဒဏ်သင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တာဝန်ယူဖြည့်ဆည်းပေးဖို့လည်း တောင်းဆို ထားပါတယ်။
အခမ်းအနားမှာ ဓါတ်ပုံပြခန်းလည်း ပါဝင်သလို၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့နဲ့ မြေမြုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ စတာတွေကို ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုကြပါတယ်။
ကြေညာချက်ကို မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ဗန်းမော် တို့က စစ်ဘေးဒုက္ခသည်တွေ စုပေါင်း ထုတ်ပြန်တာဖြစ်ပါတယ်။
အခမ်းအနားကို စစ်ဘေးဒုက္ခသည်တွေ၊ ဘာသာရေးနဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ဒေသခံတွေ တစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဒေသ ခံပြည်သူတွေ ထိခိုက်ခံစားနေရတာတွေ ရင်ဖွင့်ပြောကြားတဲ့ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်း က တင်ပြထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေပြန်ဖြစ်ပွားတဲ့ ၅ နှစ်ပြည့်တဲ့ ဒီနေ့မှာ KIA မိခင်ဌာနချုပ်ဖြစ်တဲ့ KIO ဌာနချုပ်မှာလည်း ငြိမ်ချမ်းရေး ဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။ RFA သတင်းထောက် ကိုရဲထက် ကို သတင်းပေးပို့ထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။
