မဲဆွယ်မည့် နိုင်ငံရေးပါတီများ လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ခံရ

ရွေးကောက်ပွဲဝင်မတိုင်ခင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ မဲဆွယ်မဲ့ကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

2010.09.23
thu_wai_BMA_conference_305_Z.jpg ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၏ ဥက္ကဋ္ဌ ဦးသုဝေ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
နိုင်ငံရေးပါတီတွေအနေနဲ့ လူထုကို စည်းရုံးမဲဆွယ်ရာမှာ မိမိတို့ ပါတီမူဝါဒတွေအပြင် လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြည်သူတွေ သိအောင် တင်ပြနိုင်ဖို့ ရေးသား ပြင်ဆင်ထားပေမဲ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ဖြုတ်တာ ပယ်တာတွေ လုပ်နေကြောင်း သိရပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်ပါတီ (မြန်မာပြည်) က အစိုးရပိုင် ရုပ်သံ ၊ ရေဒီယိုကတဆင့် ၁၅ မိနစ်စာ သူတို့ ဟောပြောမဲ့စကားတွေကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမဲ့ ၊ လက်ရှိအစိုးရကို ဝေဖန်မှုတွေ ပါနေတာကြောင့် ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဆင့်ခေါ်ခဲ့ကြောင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက RFA ကို ပြောပါတယ်။

စာသားများမှာ အနှောင့်အသွား မလွတ်တာတွေ ပါနေလို့ ပြန်ပြင်ရေးပြီး ကော်မရှင်က ခွင့်ပြုမယ်ဆိုရင် ရေဒီယိုမှာ ပြောလို့ရမယ်ဆိုပြီး အကြောင်းကြားလို့ ဦးသုဝေ ချက်ချင်း ပြန်သွားကြောင်း ပြောပါတယ်။

UDP လို့ ခေါ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီကတော့ သူတို့ပါတီက ပြည်သူကိုတင်ပြမဲ့ ဟောပြောချက်တွေကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီး ၊ ပြင်တာဖြုတ်တာမျိုး လုပ်လာရင်တော့ UDP ပါတီအနေနဲ့ ရုပ်သံ ၊ ရေဒီယိုကတဆင့် ဟောပြောတော့မှာ မဟုတ်ဘူးလို့ UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။

ဥပဒေထုတ်ပြီး ချုပ်ကိုင်ထားတာတွေ အများကြီး ရှိနေပြီး သူတို့ ပြောချင်တဲ့ အချက်တွေကို စိစစ်ရေး လုပ်မယ်ဆိုရင် မပြောတော့ဘူးဆိုတဲ့အကြောင်း ဦးသိန်းဌေးက RFA ကို ပြောပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရပိုင ်မီဒီယာတွေကတဆင့် ၁၅ မိနစ်စာ ဟောပြောခွင့် ရမယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပြီး ၊ အဲဒီလိုကြေညာချိန်မှာ စည်းကမ်းကန့်သတ်ချက်တွေ အများအပြား ပါဝင်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။