နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး KIO ဆွေးနွေး

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ မျက်နှာစုံညီ အစည်းအဝေးကို သူတို့ ဌာနချုပ် တည်ရှိတဲ့ တရုတ် မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ သြဂုတ်လ ၂၇ ရက် ဒီမနက် စတင်ကျင်းပနေတယ်လို့ သိရပါတယ် ။
2010-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဧပြီ ၁၆ ရက်က ကျင်းပသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လူထုအစည်းအဝေးသို့ တက်ရောက်သည့် KIO ၊ KIA ခေါင်းဆောင်များနှင့် ပြည်သူလူထု ဖြစ်ပါသည်။ (Photo: RFA)
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဧပြီ ၁၆ ရက်က ကျင်းပသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လူထုအစည်းအဝေးသို့ တက်ရောက်သည့် KIO ၊ KIA ခေါင်းဆောင်များနှင့် ပြည်သူလူထု ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဒီလို မျက်နှာစုံညီ အစည်းအဝေး ခေါ်ယူကျင်းပတာဟာ ကေအိုင်အိုအဖွဲ့အတွင်း ထူးခြားတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကေအိုင်အိုအဖွဲ့နဲ့ နီးစပ်သူတွေကပြောကြပါတယ်။ ကေအိုင်အို ဒုတိယ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးကို RFA က ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ အနည်းဆုံး ၂ ရက်ကျင်းပဖို့ လျာထား ထားပြီး လိုအပ်ရင် ဆက်လုပ်မယ် စစ်အစိုးရ တောင်းဆိုနေတဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကိစ္စအပါအဝင် အကြောင်းအရာမျိုးစုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့စတာ ကျနော်တို့ ဗဟိုကော်မီတီလည်း ပါတယ်။ ဗဟိုကော်မီတီမဟုတ်တဲ့ ပါတီအဖွဲ့အစည်းက နယ်ကိုယ်စားလှယ်တွေလည်း ပါတယ်။ မနက်ဖြန်တော့ ဆက်လုပ်ဦးမယ်၊ လုပ်ပြီးမှ မပြီးဖူးဆိုရင် နောက်တရက် ဆက်လုပ်မယ်၊ အချိန်ဇယားကတော့ မနက်ဖြန်အထိ ဆွဲထားတယ်၊ ကျနော်တို့အဖွဲ့နဲ့ဆိုင်တဲ့ အစုံပေါ့လေ အသွင်ကူးပြောင်းရေးကိစ္စတွေလည်း ပါလာမှာပဲ။”

ကေအိုင်အို ပါတီဝင် အရပ်ဖက်၊ စစ်ဖက်ခေါင်းဆောင်တွေ စုစုပေါင်း ၁၃၉ ဦး တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က စစ်အစိုးရဖက်က ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ကေအိုင်အို ခေါင်းဆောင်တွေ မြစ်ကြီးနားမှာ တွေ့ဆုံစဉ်မှာ ရွေးကောက်ပွဲကာလရောက်ရင် စစ်အစိုးရတပ်တွေ ကေအိုင်အိုနယ်မြေအတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဝင်ရောက် လှုပ်ရှားမယ်လို့ အသိပေးလိုက်ကြောင်း ကြားသိရတဲ့အတွက် ဗိုလ်မှူးကြီး ဆင်ဝါးကို မေးကြည့်တဲ့အခါမှာတော့ အခုလို ဖြေကြားပါတယ်။

“သူတို့ကတော့ ယေဘုယျသဘောမျိုး ပြောတာပါ၊ ဘယ်နေရာဝင်မယ် ဘာညာတော့ မပြောပါဘူး၊ ရွေးကောက်ပွဲ လုပ်လာရင်တော့ ရွေးကောက်ပွဲ လုပ်မဲ့နေရာမှာ လုံခြုံရေးအရ သူတို့ဖက်က တာဝန်ယူ ဝင်ထွက်သွားလာမယ်ဆိုတဲ့ အနေအထားမျိုး ပြောပါတယ်၊ ကျနော်တို့ကတော့ ဘာမှ မပြောထားသေးဘူး အစည်းအဝေးပြီးရင်တော့ ထွက်လာတဲ့ အဖြေပေါ် မူတည်မှာပဲ။”

နောက်ဆုံးတွေ့ဆုံရာမှာ စစ်အစိုးရဖက်က ကေအိုင်အိုကို လက်နက်ချဖို့အထိ ပြောဆိုထားတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အခုကျင်းပနေတဲ့ အစည်းအဝေးမှာ ကေအိုင်အိုရှေ့ဆက်သွားမဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ်လို့ ကေအိုင်အိုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီမျက်နှာစုံညီအစည်းအဝေးမတိုင်ခင် ကေအိုင်အို အရပ်ဖက်ခေါင်းဆောင်တွေ ဩဂုတ်လ ၁၄၊ ၁၆ ရက်နေ့တွေမှာကြိုတင် ဆွေးနွေးမှုတွေ လုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ကေအိုင်အိုဟာ ၁၉၆၁ ခုနှစ်ကစပြီးကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ လက်ရှိ အာဏာသိမ်း မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီလိုသဘောတူအပြီး ၁၆ နှစ်အကြာ ၂၀ဝ၉ ခုနှစ် ဧပြီလမှာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအားလုံးကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရ ဖက်က တောင်းဆိုလာပါတယ်။

ကေအိုင်အိုဖက်ကတော့ သူတို့ရဲ့ လက်နက်ကိုင်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် မဖွဲ့လိုပဲ ကချင်ဒေသ ကာကွယ်ရေးတပ်အဖြစ် ထားရှိဖို့ တုံ့ပြန်ညှိနှိုင်းခဲ့ပေမဲ့ စစ်အစိုးရဖက်က ဆက်လက်ပြီး ဖိအားပေးနေဆဲ ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့