စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

2010-11-30
Share
kio_forces_feb_2009_305_z.jpg KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
(Photo: RFA)

လောလောဆယ် တင်းမာမှုနဲ့ ပြင်ဆင်မှု အခြေအနေတွေအရ စစ်ပွဲဖြစ်ပွားဖို့ နှစ်ဖက်စလုံးက အဆင်သင့် ဖြစ်နေတဲ့ အနေအထား တွေ့ရတယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ဝါက ပြောပါတယ်။

ကေအိုင်အို အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ သူတို့ရဲ့ ကေအိုင်အေတပ်တွေကို အသင့် အနေအထား ရှိအောင် တပ်လှန့်ထားတာသာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်အစိုးရနဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် စစ်အစိုးရရဲ့ ဖိအားပေးမှုကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို့ ကေအိုင်အိုအဖွဲ့က ပြောပါတယ်။

နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အိုက ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ ကေအိုင်အို အဖွဲ့တို့ကြား ဆက်ဆံရေး အထူးတင်းမာလာခဲ့ပြီး စစ်အစိုးရဖက်က ကေအိုင်အိုအရာရှိတွေရဲ့ သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့က ကေအိုင်အိုအဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံးကိုပါ မကြာသေးခင်က ပိတ်ခိုင်းခဲ့ပါတယ်။

အခုလို စစ်အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ကြား တင်းမာမှု နောက်ဆုံးအခြေအနေ၊ မကြာခင် စစ်ဖြစ်နိုင်မဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။