ကလေးမြို့ တောင်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ လူ ၁၅၀၀ ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း အင်တိုင်ကုန်းနဲ့ စက္ကန့်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းကစလို့ ဩဂုတ်လ ၁၁ ရက် ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေလို့ အနီးအနားရွာတွေက အရပ်သား ၁၅၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ အင်တိုင်ကုန်း၊ မြို့လှ၊ မွန်ထှာ၊ စက္ကန့် စတဲ့ ရွာလေးရွာက ဒေသခံတွေဖြစ်ပြီး ကလေးမြို့ပေါ်နဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေရတယ် လို့ ဆိုပါတယ်။

ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ ကြောင့် ဒေသကာကွယ်ရေးအဖွဲနဲ့ တိုက်ပွဲနေဖြစ်တာလို့လည်း ကလေး PDFတပ်ဖွဲ့၀င် တစ်ဦး က RFA ကို ပြောပါတယ်။

"ကလေးတောင်ပိုင်း စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက မနေ့ကစဖြစ် တာ။ ဒီနေ့မှာလည်း သံချပ်ကာကားတစ်စီး၊ စစ်ကား ဆယ်စီးလောက်နဲ့ ထပ်လာတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။

ဩဂုတ်လ ၁၀ ရက် မနေ့ကတော့ ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့လို့ ပြန်လှည့်သွားချိန် စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ပစ်ခတ်လို့ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါ တယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်း နီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။