ကလေးမြို့ပေါ်မှာ စစ်ကောင်စီက သေနတ်တွေနဲ့ နှစ်နာရီနီးပါးကြာအထိ ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၃ ရက် မနေ့ည ၉ နာရီလောက်ကနေ ည ၁၁ နာရီလောက်အထိ မြို့တွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေက လူနေအိမ်တွေဘက်ကို သေနတ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရှိနေတဲ့ မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရဲစခန်းနားမှာ ဗုံးပေါက်ကွဲသံ နှစ်ချက် ကြားရပြီးတဲ့နောက် သေနတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတို့က အောင်မင်္ဂလာ၊ တောင်ဇလပ် ရပ်ကွက်ထဲက လမ်းတွေ၊ အိမ်တွေဘက်ကို သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ဘေးလွတ်ရာ ပုန်းနိုင်ခဲ့တဲ့ အတွက် ထိခိုက်သူမရှိဘူးလို့ ပြောပါတယ်။

ဗုံး၊ သေနတ်ပစ်ခတ်သံတွေကြောင့် အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ယောက် ရုတ်တရက် နှလုံးရပ် သေဆုံးသွားပြီး ဒီနေ့ ဇွန် ၄ ရက်မှာ သင်္ဂြိုဟ်မယ်လို့ ဒေသအခြေစိုက် Chin World မီဒီယာမှာ ဖော်ပြထား ပါတယ်။

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘဲ စစ်ကောင်စီ ဘက်က တစ်ဖက်သတ် ပစ်ခတ်နေတာဖြစ်တဲ့အကြောင်း၊ မနေ့က အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မွေးနေ့မှာ ကလေးမြို့တွင်း ဆန္ဒပြတာတွေ လုပ်ခဲ့တာကြောင့် ညဘက်မှာ ပြည်သူကို ခြောက်လှန့်တဲ့သဘောနဲ့ ပစ်ခတ်တာတွေ ဖြစ်လိမ့်မယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။