စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် စက္ကန့်ရွာအနီးမှာ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းက သားအမိနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ငါးဆယ် ဒေါ်ဟွေးအီယာန်နဲ့ သူရဲ့သား အသက် သုံးဆယ်ဝန်းကျင်အရွယ် ကိုစမြူရယ် တို့ဟာ ကျွန်းချောင်းရွာကနေ ကလေးမြို့ကို ဆိုင်ကယ်နဲ့ သွားခဲ့တာပါ။ စက္ကန့်ရွာအနီး အရောက်မှာတော့ စစ်ကောင်စီတပ်နဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ် မီးရှို့ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်းချောင်းရွာကနေ ကလေးမြို့ တာဟန်းရပ်ကွက်က ဆေးခန်းကိုသွားပြီး အပြန်မှာ စစ်တပ်နဲ့တိုးပြီးအသတ်ခံရတာ။ စက္ကန့်ရွာထိပ်က ကျောက်ခွဲစက်နားမှာသတ်ခံရတယ်။ လူ လေးယောက်၊ ဆိုင်ကယ် နှစ်စီးနဲ့။ စစ်တပ်က လိုက်ပစ်တာ နှစ်ယောက်လွတ်တယ်"
စစ်ကောင်စီတပ်ဟာ အိမ်ခြေ ရှစ်ရာခန့်ရှိတဲ့ ကလေးမြို့နယ် စက္ကန့်ရွာကို ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီက ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင် RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စက္ကန့်ရွာကို လတ်တလောဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေးမြို့) နဲ့ ခြေလျင်တပ်ရင်း ခလရ-၂၂၈ တို့က အင်အား တစ်ရာခန့် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအကြား ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။