ကလေးမြို့အနီး တိုက်ပွဲဖြစ်ပြီး ဒေသခံလေးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာအနီးမှာ ဩဂုတ်လ ၁၅ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား လေးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာစည်ရွာမှာ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိပြီး လူဦးရေ လေးထောင်ကျော် နေထိုင်ပါတယ်။

မနေ့က သာစည်ရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်နဲ့ လေးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မနေ့ကတည်းက စပြီးတော့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးတော့ ဒေသခံတွေ ပြေးနေပြီပေါ့နော်။ မနေ့က Mi-35 တစ်ခေါက်လာပြီး လေးကြိမ်လောက်အထိ ဝဲပြီးပစ်သွားတာ"

တိုက်ပွဲကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ကလေးမြို့ပေါ်ကို တိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF- KKG) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်ကြောင့် မနေ့က သာစည်ရွာဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၁၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က သာစည်ရွာအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

ကလေးမြို့နယ်အတွင်း တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကလည်း သူမသိသေးဘူးလို့ သြဂုတ်လ ၁၆ ရက် ဒီကနေ့မှာ RFA ကိုပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF- KKG) ပူးပေါင်းတပ်တွေအကြား ဩဂုတ် လဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သိန်းခွဲကျော် (၇၆၅,၂၀၀) ရှိလာပါတယ်။