အောက်ဆီဂျင် မလုံလောက်လို့ ကလေးမှာ ကိုဗစ်ကြောင့် သေဆုံးနှုန်း ဆက်တိုးလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကုန်ပိုင်းကစပြီး Covid-19 ကြောင့် တစ်နေ့ကို လူ အယောက် ၂၀ ကနေ ၃၀ ကြား သေဆုံးနေတယ်လို့ ကျန်းမာရေး အကူအညီပေးသူတွေက ပြောပါတယ်။

ဒီနေ့ထိကို သေဆုံးနှုန်းတွေ မလျော့သေးဘဲ သေဆုံးသွားရတဲ့သူအများစုဟာ အောက်ဆီဂျင်မရဘဲ သေဆုံးခဲ့ရတာလို့ ကလေးမြို့ ကာယကံမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုရဲသီဟအောင်က RFAကို ပြောပါတယ်။

"အောက်ဆီဂျင် အခြေအနေကတော့ အချိန်တိုင်း လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ အောက်ဆီဂျင်မရဘဲနဲ့ အသက်ဆုံးရှုံးရတာတွေလည်း မကြာမကြာတော့ ကြားသိရတယ်။ သေဆုံးသူက တစ်နေ့ မှာ ၂၀ ကျော် ၃၀ ပတ်ဝန်းကျင်လောက် ရှိနေတယ်။ ၆ ရက်နေ့ကဆိုရင် ၄၀ ကျော်သွားတယ်။ သေဆုံးမှုကတော့ တအားကြီး မလျော့သေးဘူး။ တောက်လျှောက် သေဆုံးမှုက ရှိနေတုန်းပဲ။ သေဆုံးမှု အများစုက ကိုဗစ်ကြောင့်ဖြစ်ပြီး အောက်ဆီဂျင် အလုံလောက်မရတဲ့ အခြေအနေရှိတယ်။ လူနာအများစုက စင်တာနဲ့ ဆေးရုံနဲ့ လူဦးရေနဲ့ မမျှတဲ့အတွက်လည်း မိမိနေအိမ်မှာပဲ ကူသပြီး သေဆုံးမှုတွေ ရှိ နေတယ်။ တချို့ကျတော့လည်း အောက်ဆီဂျင်ဝယ်ရတဲ့ အခြေအနေကလည်း ခက်တယ်။ ပိုက်ဆံရှိရင်တောင် အောက်ဆီဂျင်အိုးကို ဝယ်လို့မရတဲ့ အနေအထားတွေရှိတယ်။"

တစ်ကျော့ပြန်ထလာတဲ့ ကိုဗစ်တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ ကလေးမြို့အတွင်း ပထမဆုံး ပိုးတွေ့လူနာ ပြန်တွေ့ခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအထိ တစ်လကျော် ကာလအတွင်းမှာတင် သေဆုံးသူ ၅၀၀ ကျော် ရှိခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက် မနေ့က တစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်းထဲမှာ ပိုးတွေ့လူနာ စုစုပေါင်း ၄၀၈ ဦးရှိပြီး သေဆုံးသူ ရှစ်ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် တကယ့်မြေပြင်မှာတော့ သေဆုံးနှုန်းက ပိုများနေတယ်လို့ ကျန်းမာရေး အကူအညီပေးနေသူတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်းစစ်တပ်ကို ရရာဒေသလုပ် သေနတ်တွေနဲ့ ပြင်းပြင်းထန်ထန် ပြန်ခုခံခဲ့တာမို့ ကလေးမြို့မှာ ည ၈ နာရီကျော်ရင် အပြင်မထွက်ရအမိန့် စစ်ကောင်စီက ပြဌာန်းထားပါတယ်။ ဒီလို ညဘက်အပြင်မထွက်ရလို့ ညအချိန်မှာ အောက်ဆီဂျင်ဗူး ထွက်ရှာမရခဲ့လို့ အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူ အောက်ဆီဂျင်ပြတ်လပ် သေဆုံးခဲ့ရတယ်လို့ ကလေးမြို့ခံတစ်ယောက်က ပြောပါတယ်။

“ဆရာ (ဆရာဝန်) ညနေမှ အောက်ဆီဂျင် လိုတယ်ဆိုတာနဲ့ လိုက်ရှာတော့ ညနေပိုင်းဖြစ်နေတဲ့အတွက် ရှာလို့မရဘူးဗျ။ တစ်ဗူးတော့ ရလိုက်တယ်၊ အသေးလေးပေါ့။ ၁၀ လီတာဘူး တစ်ဘူးရတာ။ ချိတ်တော့ ၈ နာရီလောက်မှာ ကုန်သွားတော့တာဗျ။ ၈ နာရီမှာက ည မထွက်ရဘူးဆိုတော့ အဲဒါကိုလည်း ကျနော်တို့က လိုက်ရှာတာပေါ့။ ရှာတော့လည်း မရဘူးးဗျ။ အဲမှာပဲ နာရီဝက်လောက်နေတော့ ဆုံးသွားတာ။ ကျနော့် အဖေဗျ။ ဆိုင်တွေကတော့ ညဘက်ဆိုတော့ မဖွင့်တော့ဘူး။ ရှာနေရင်းမှာပဲ ဆုံးပါးသွားတာ။”

မနက်မိုးလင်းတာနဲ့ ကလေးမြို့ခံတွေဟာ အောက်စီဂျင်ရဖို့အတွက် အဓိက လုံးပန်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မနက်အစောကြီးကတည်းက အောက်ဆီဂျင်ကို တန်းစီပြီး ဝယ်နေကြရပါတယ်။

မနက်ကတည်းက အောက်ဆီဂျင်ရဖို့ ဆိုင်တွေမှာ သွားတန်းစီ စောင့်နေပေမယ့် အောက်ဆီဂျင်မရဘဲ ပြန်သွားရသူတွေတောင်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုယ့်လူနာအတွက် အောက်ဆီဂျင် ပြတ်လပ်သွားမှာ စိုးတာကြောင့် မနက် ၅ နာရီကတည်းက ထပြီး အောက်ဆီဂျင် လာတန်းစီနေပေမယ့် ရ၊ မရ မသေချာဘူးလို့ အောက်ဆီဂျင် လိုက်ရှာနေရတဲ့ ကိုကာကိုက ဆိုပါတယ်။

"သူတို့က သူတို့ဆီ ခွဲတမ်းရမှ ကားတွေရောက်မှ ရမယ်ဆိုတော့ ဟိုမှာ ရှူနေရတာက ဝယ် ထားတာလေးကလည်း ကုန်ပြီ။ ပြတ်တော့မှာဆိုတော့ ဒီမှာ တစ်လုံးလာစီတာ။ ဒီကရရင်တော့ ပြန်လဲရမှာ။ ဆေးရုံက လူနာတစ်ယောက်ကို တစ်ရက်ကို တစ်လုံးပေးတယ်။ အဲဒါနဲ့ မလောက်ဘူး။ လူနာက အောက်ဆီဂျင် ၆၄ ထိကျတယ်။ မလောက်ငှတော့ အပြင်မှာ ကိုယ့်ဘာသာ ဝယ်တယ်။ ရသလောက်တော့ ဝယ်တယ်။ ပိုက်ဆံပေးဝယ်တာကို ဝယ်မရလို့ ဒီမှာ တန်းစီရတယ်။ မနေ့ကလည်း မရလိုက်ဘူး။ ခုကြည့်လိုက်ရင် သူသူကိုယ်ကိုယ် မိုးလင်းတာနဲ့ လမ်းမပေါ်မှာ အိုးတွေနဲ့ပြေးနေရတယ်။"

လတ်တလော အောက်စီဂျင် လိုအပ်မှုနှုန်းက များနေတာမို့ ဈေးကွက်ထဲမှာ ပိုက်ဆံရှိတာတောင် အောက်ဆီဂျင်အိုးတွေ လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကလေးမြို့ခံ ကိုထွေးပိုက ပြောပါတယ်။

“ကျနော် အသိတစ်ယောက်ဆီက ၁၀ လီတာ တစ်အိုးတော့ ရထားတယ်။ ကျနော်က ဖြစ်နိုင်ရင် အိုးအသစ်ဝယ်ချင်တာ၊ အခုက ဝယ်လို့တောင် မရဘူးဖြစ်နေတယ်။ ဈေးလည်း ကြီးတယ်ဗျ။ ဈေးကတော့ အစားစားပေါ့။ ၄၀ လီတာဆို သုံးသိန်းဝန်းကျင် ဖြစ်သွားတယ်။ ဒါတောင် ဝယ်လို့မရဘူး။ အောက်ဆီဂျင်က ရသလောက်ကတော့ လိုက်ရမှာပဲ။ ဒီမှာ အရမ်းခက်ခဲတယ်။ အောက်ဆီဂျင် မရလို့ ထိုင်ကြည့်ရင်း ဆုံးသွားတာတွေရှိတော့ ကျနော်လည်း အတတ်နိုင်ဆုံး လိုက်ကြတယ်။ အောက်ဆီဂျင် ထုတ်ပေးတဲ့ နေရာကလည်း အတတ်နိုင်ဆုံး လုပ်ပေးနေကြတယ်။ ဒါပေမဲ့လည်း အခုချိန်ထိကတော့ လောက်ငှမှုက မရှိဘူးဗျ။”

ကလေးမြို့ပေါ် ရပ်ကွက်တွေအပြင် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများကိုပါ ပိုးကူးစက်မှု ပျံ့နှံ့မှု မြန်လာနေတာကြောင့် ဒီအခြေအနေကို အမြန်ဆုံးထိန်းချုပ်ဖို့ လိုတယ်လို့ ကျန်းမာရေး အကူအညီပေးနေသူတွေက ဆိုကြပါတယ်။

ရောဂါပိုးကူးစက် ပျံ့နှံမှုမြင့်တက်နေသလို အောက်ဆီဂျင် လိုအပ်မှုတွေကလည်း နေရာအနှံ့မှာ ဖြစ်နေတာကြောင့် အောက်ဆီဂျင် စက်အလှူရှင်တွေ လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေဟာ တစ်နေ့တခြား မြင့်တက်လာနေသလို တစ်ရက်အတွင်း သေဆုံးမှုတွေဟာလည်း ဆက်တိုက်ဆိုသလို စံချိန်တင်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက် မနေ့က တစ်ရက်တည်းမှာတင် Covid-19 အတည်ပြုလူနာသစ် ၄၃၇၇ ဦး တွေ့ရှိခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူ ၇၁ ယောက်ထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ရောဂါ စတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇူလိုင်လ ၁၀ ရက် မနေ့ကအထိ တစ်နှစ်ကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၈၈,၇၅၂ ဦး ရှိနေပြီး၊ ကိုဗစ်ကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၃,၇၅၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။