ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည် ၁၅၀ ခန့် ဝမ်းရောဂါနဲ့ တုပ်ကွေးဖြစ်နေ

ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၁၅၀ ခန့် ဝမ်းပျက်ဝမ်းလျှောနဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ People's Healthcare Network (Kalay) အဖွဲ့ တာဝန်ခံ ဒေါက်တာ ဂျိုးဆက်က RFA ကို ပြောပါတယ်။

၂၀၂၄ ဩဂုတ်လ ၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တိုက်နယ်ဆေးရုံတစ်ခုတွင် People's Healthcare Network (Kalay) အဖွဲ့မှ လူနာ‌များအား ဆေးကုသပေးနေစဉ်။ Facebook/ People's Healthcare Network - KALAY

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၁၅၀ ခန့် ဝမ်းပျက်ဝမ်းလျှောနဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ People's Healthcare Network (Kalay) အဖွဲ့ တာဝန်ခံ ဒေါက်တာ ဂျိုးဆက်က RFA ကို ဩဂုတ်လ ၅ ရက်နေ့ ပြောပါတယ်။

ဇူလိုင်လဆန်းကတည်းက ဒုက္ခသည်စခန်း ခုနစ်ခုမှာ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ဝမ်းရောဂါကြောင့် ဆေးရုံတက်ကုသနေရသူ လေးဆယ်ခန့်နဲ့ သွေးလုပ်တုပ်ကွေးလူနာ နှစ်ဆယ်ခန့် ရှိနေတယ်လို့ ဒေါက်တာဂျိုးဆက်က ပြောပါတယ်။

"စစ်ရှောင်စခန်းတွေမှာက တောထဲမှာ နေရတာတစ်ပိုင်း၊ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ပိုများတယ်။ ရွာတွေဘက်မှာလည်း ဖြစ်တာရှိတယ်။ သွေးလွန်တုပ်ကွေးလည်း စဖြစ်တာ အဓိကတော့ ဆေးဝါး အခက်အခဲရှိတယ်"

ဒုက္ခသည်စခန်းတွေမှာ ဆေးဝါးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသလို ကလေးမြို့ပေါ်ကနေ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီတပ်ဂိတ်တွေက တားမြစ်တင်းကျပ်ထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကလေးမြို့နယ်မှာ တိုက်ပွဲတွေနဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org