စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ ဩဂုတ်လ ၁၀ ရက်နေ့ မနက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက စစ်ကောင်စီတပ်သားတွေကိုတွေ့လို့ ပြန်လှည့်သွားတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကောင်စီတပ်တွေက စစ်ဆေးရေးလုပ်နေတဲ့အချိန်ပေါ့ အဲမှာ ကောင်လေးနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့လာတာ အဲတာ သူတို့က စစ်သားတွေမြင်တော့ ပြန်လှည့်လာတာ အဲတာနဲ့ ပစ်ခံရတာပေါ့။ တစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ဒဏ်ရာရတယ်။"
သေဆုံးသွားတဲ့သူဟာ ကလေးမြို့နယ်၊ မွှန်ထာ(ရွာသစ်) ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဆလိုင်းကျုံလျန်ဘိ ဖြစ်ပါတယ်။
သူဟာ သူငယ်ချင်းနဲ့အတူ ပန်းရံလုပ်ပြီး ထမင်းစားပြန်လာချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး သူငယ်ချင်းကတော့ လက်မောင်းမှာ ဒဏ်ရာ ရရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ပစ်လို့ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ကလေးမြို့တွင်းမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေပြီး လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးတာတွေလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကတော့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်နေတဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။