ကလေးမြို့ခံတစ်ဦး အဖမ်းခံရပြီး သေဆုံး

2022.01.30
ကလေးမြို့ခံတစ်ဦး အဖမ်းခံရပြီး သေဆုံး ကိုထန်မွန်းခွာလ် (Thang Muan Khual) ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်မှာနေထိုင်တဲ့ ကိုထန်မွန်းခွာလ် (Thang Muan Khul) ဆိုသူဟာ ဇန်နဝါရီ ၂၇ ရက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရ ပြီးနောက် သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် (၁၉) နှစ်အရွယ် ကိုထန်မွန်းခွာလ် (Thang Muan Khual) ဟာ တာဟန်းရပ်ကွက် က စစ်ကောင်စီတပ်ရဲ့ဂိတ်မှာ အဖမ်းခံခဲ့ရတာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ကျမတို့က ၂၈ ရက်နေ့က ရဲစခန်းသွားတာ၊ ရဲစခန်းမှာ မေးတော့ ဒကစရုံးကို သွား လိုက်တဲ့၊ အဲမှာ မေးရင်းနဲ့ ဗိုလ်ကြီးနဲ့ စကားပြောတာ ဗိုလ်ကြီးက သြော် ဆုံးသွားပြီတဲ့။ ၂၇ ရက်နေ့က ၈ နာရီလောက်မှာ ရပ်လို့ပြောတာ မရပ်လို့ ပစ်လိုက်တာလို့ အဲလိုပြော တာပဲ၊ အဲဒီတော့ အလောင်းကို ယူမှာလား၊ မယူဘူးလားပြောတာနဲ့ ယူမှာလို့ ညနေ အလောင်းရတာရှင့်”

သူ့ရုပ်အလောင်းကို စစ်ဆေးရုံကနေ သယ်ယူပြီးတွေ့ရချိန်မှာတော့ ဝမ်းဗိုက်ကို သေနတ်ကျည်ဆန် ထိမှန်ထားပြီး ပေါက်ထွက်ဒဏ်ရာအပြင်၊ နှာခေါင်းရိုး ဒဏ်ရာနဲ့ လက်ကိုကြိုးချည်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးပြီးတဲ့နောက် နှိပ်စက်ခံရပြီးမှ သေဆုံးတာဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေက ယူဆနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ကိုထန်မွန်းခွာလ်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၂၉ ရက် မနေ့က ဒိုးဝိုင်းချောင်း သုသာန်မှာ မြေမြှုပ် သင်္ဂြီုဟ်ခဲ့တယ်လို့ ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက် ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူတွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။