စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ယမနေရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား သြဂုတ်လ ၁၂ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားခြောက်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက်ကရော ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေဘက်ကပါ ယမနေရွာတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန် အတည်ပြုထားပါတယ်။
ယမနေရွာအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မနေ့က မနက် ၆ နာရီခွဲဝန်းကျင်မှာ PDF တွေက လက်လုပ်စိန်ပြောင်းတွေ၊ လက်နက်ငယ်တွေအပြင် ဒရုန်းနဲ့ Drop Bomb တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ သြဂုတ်လ ၁၃ ရက် ဒီကနေ့ မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အသက်ငါးနှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PDF ပူးပေါင်းတပ်တွေဘက်ကတော့ ယမနေရွာဟာ စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားတဲ့ ပျူစောထီးရွာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက် ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရရှိသူတွေဟာ အရပ်သားတွေလား ဒါမှမဟုတ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလား ဆိုတာနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုမှာ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၄) တပ်ရင်း နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အင်အား ၁၂၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၁ နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာလည်း ယမနေရွာကို တိုက်ခိုက်ခဲ့တဲ့ PDF တွေကို အရေးယူနိုင်ဖို့နဲ့ နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။