ကနီမြို့နယ်မှာ ရွာသား ၂ဝ ခန့် လူမဆန်ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.07.15

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ကျေးရွာသား ၁၆ ဦးကို ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းနဲ့ ဇူလိုင် ၁ဝ ရက် နေ့က လူမဆန်ရက်စက်စွာ သတ်ဖြတ်သွားခဲ့ပါတယ်။ အဲဒီကျေးရွာသားတွေကို အနီးကပ် ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ကိုသေတ္တာက RFA ကို ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုးရင်းနဲ့ ၉ ရက် နဲ့ ၁၀ ရက်နေ့က ယင်းနဲ့ ကုန်းသာရွာကို ရောက်တယ်။ စစ်ကောင်စီက ကနီမြို့နယ်ကို ဝင်မယ်ဆိုတာနဲ့ ဒရုန်းနဲ့ အရင်ကြည့်တယ်ဗျ။ ပြီးတော့မှ သူတို့က တောတွေထဲကို ဖြန့်နင်းလာတယ်။ လမ်းမကြီးက လာတဲ့သူတွေက နောက်က လိုက်တယ်ဗျ။ အဲဒီတော့ ကျေးရွာတွေကို ဝင်ခါနီးမှာ သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းပြီး ပစ်တယ်ဗျ။ ရွှာထဲက အိမ် ၄ အိမ်လောက် လက်နက်ကြီးကြောင့် ပျက်စီးသွားတယ်။ အိမ်တအိမ်လည်း မီးရှို့ခံရတယ်။ ယုတ်ယုတ်မာမာနဲ့ ထမင်းအိုးထဲတောင် ချေးပါသွားတယ်ဗျ။ ကျနော်တို့ ပြည်သူတွေက စစ်တပ်က ရောက်လာတယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ သူတို့ တောတွေထဲကို ထွက်ပြေးတယ်။ မိုးကာတဲတွေ ဆောက်ပြီး တောထဲမှာ လှည်းတွေနဲ့၊ ထွေလာဂျီရှိတဲ့သူက ထွေလာဂျီပေါ့။ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့ သူတို့ သက်ကြီးရွယ်အို မိဘတွေကို တင်ပြေးကြတယ်။ စစ်တပ်က တောထဲကိုဝင်လာပြီး ဖြန့်ပြီးတော့ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာ တဲတွေဆီကို ရောက်တယ်။ တွေ့တဲ့လူဖမ်းတယ်။ ကြိုးတုပ်ပြီး ဓားတွေနဲ့လဲ မွှန်းထားတယ်။ သတ်ထားတာကတော့ ကြိုးတုပ်ပြီး ဒရွတ်ဆွဲပြီးတော့ ဒရွတ်ဆွဲတဲ့အရာတွေလဲ တွေ့တယ်။ လူတွေလဲ လူရုပ်နဲ့မတူတော့ဘူး အကုန်လုံးပွန်းပဲ့ပြီးတော့ ပစ်သတ်ထားတယ်။ သတ်ပြီးတော့ တောထဲမှာပဲ ထားခဲ့တယ်။ ကြိုးတုပ်လျက်တွေပဲ။ ခြေထောက်တွေလဲ ကြိုးတုပ်ထားတယ်။ တချို့ကျတော့၊ လက်တွေ နောက်ပြန်ကြိုးတုပ်ထားတယ်။ ပြီးတော့ ဘေးမှာရှိတဲ့ မျောတွေနဲ့ ချည်ထားတယ်။ ဒရွတ်ဆွဲထားတယ်ပေါ့ဗျာ။ တချို့ကျတော့လဲ သုံးယောက် လေးယောက်လောက် စုပုံနေတယ်၊ တချို့ကျတော့လဲ ခပ်လှမ်းလှမ်းမှာ ရှိတယ်။ အကုန်လုံးက ယာလုပ်ငန်းပဲ လုပ်စားကြတဲ့ သူတွေပါပဲ။ PDF ဆိုတာလဲ တယောက်မှလည်း မပါဘူး။ သူတို့ PDF တွေကို မဖမ်းနိုင်ဘဲ PDF တွေ အကုန်လုံးက ရှောင်တိမ်းနေကြတယ်။ မပြေးနိုင်တဲ့သူတွေ ပြီးတော့ မိဘကျန်ခဲ့လို့ သားဖြစ်သူက မအေနားဘဲ ကပ်နေကြတဲ့သူတွေ ဖအေနား ကပ်နေသူတွေ အဲလိုလူငယ်တွေ ပါတယ်။ မအေက သူ့သားနဲ့ မခွဲနိုင်လို့ ငါ့သားဘယ်မှမသွားပါနဲ့ဆိုလို့ နေခဲ့တဲ့သူတွေလဲ ပါတယ်။ ၆၃ နှစ် အကြီးဆုံးပါတယ်။ အသက်အငယ်ဆုံးက ၂၁ နှစ် ပါတယ်။ သူတို့ကို ကြိုးတုပ်ပြီး ဒရွတ်ဆွဲထားတဲ့အရာတွေ တွေ့ရတယ်။ အကုန်လုံး အင်္ကျီအဝတ်အစားတွေပြဲစုတ် တချို့က ဘောင်းဘီတောင် မပါတော့ဘူး။”

တခြားရွာသားတဦးဖြစ်တဲ့ ကိုမိုးသီးကလည်း အဲဒီလူတွေကို စစ်သားတွေက နောက်ဖက်က ပစ်သတ်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က ဖမ်းသွားတဲ့အချိန်မှာ တွေ့တွေ့ချင်း တခါတည်းပစ်သတ်တာမဟုတ်ဘူး။ နှိပ်စက်ပြီးတော့ ချက်ချင်းမသတ်ဘူး။ ကျည်ဆန်က အနောက်က ပစ်ထားတဲ့ပုံ ရှိတယ်။ လူရိုင်းကားတွေထဲကလို ကြိုးနဲ့တုပ်ပီးတော့ မင်းတို့ပြေးဆိုပြီး နောက်က ပစ်သတ်ထားတဲ့ပုံ။ တော်တော်လေးကို ယုတ်မာရက်စက်တဲ့ပုံ တွေ့ရတယ်”

kanni.jpg
ကနီမြို့နယ်က စစ်ရှောင် ရွာသားတွေကို ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။(Photo: CJ)

အဲဒီ ၁၆ ဦးကတော့ ယင်းရွာက ၁၃ ဦး၊ ကုန်းသာ၊ ပလူဇဝနဲ့ ထောက်ကြံံ့ကုန်းရွာတွေက တဦးစီဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကနီမြို့နယ်ကို ဇူလိုင် ၁ ရက်နေ့က စတင်ဝင်ရောက်ခဲ့တာပါ။

“သူတို့ ၁ ရက်နေ့က စဝင်တဲ့နေ့ကလဲ နတ်ကြီးရွာသာလမ်းခွဲမှာ ရှိခိုးတက်ဆိုတဲ့နေရာမှာ ဖမ်းဆီးပြီး သတ်တဲ့ပုံစံ အဲဒါတွေလဲ ဦးခေါင်းတွေပဲ ပစ်သတ်ထားတာ။ သူတို့အလောင်း လေးလောင်းစလုံးက မလှမ်းမကမ်းမှာ အတူတူ ရှိနေတယ်။ ပစ်တာက တေ့ပစ်တဲ့ ပုံစံရှိတယ် ဦးခေါင်းတွေလဲ မရှိတော့ဘူး။ ဦးခေါင်းက ပါးစပ်ပေါက်ပဲ ကျန်တယ်။ နှာခေါင်းလောက်ကနေစပြီး ဦးခေါင်း မရှိတော့ဘူး။ ကျနော်တို့ ကောက်လို့လဲမရဘူး။ အဲဒီနေရာမှာတင် ဓာတ်ဆီလောင်းပြီး မီးရှို့ပစ်လိုက်ရတယ်။ ၆ ရက်နေ့ကျတော့ ၁ ရက်နေ့ကပစ်ခဲ့တဲ့ လက်နက်ကြီး RPG လိုပေါ့ မပေါက်ကွဲဘဲနဲ့ ကျန်ခဲ့တာ၊ မသိနားမလည်တဲ့ တောသူ တောင်သားဆိုတော့ ဆွဲနှုတ်လာတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ထပေါက်ကွဲသွားတာ။ ပုခက်ထဲမှာရှိတဲ့ သမီကလေး ၁ နှစ် ၇ လ ကလေးလေး အူပွင့်သွားတယ်။ တစစီဖြစ်သွားတယ်၊ နောက် လေးနှစ် သမီးတယောက်နဲ့ ဖခင် အသက် ၃၆ နှစ်တယောက် အသက်ဆုံးရှုံးသွားတယ်။ ဘေးမှာရှိတဲ့ ၄ ယောက်ကတော့ ဆေးကုသရတယ် တယောက်ကတော့ အတော်ပြင်းထန်တယ်။ ဒါပေမဲ့ အသက်မသေပါဘူး”

kani-motorcycles.jpg
ကနီမြို့နယ်မှာ ဖျက်ဆီးခံလိုက်ရတဲ့ မော်တော်ဆိုင်ကယ်များကိုတွေ့ရစဉ်။ (Photo: CJ)

ဒါကြောင့် ဇူလိုင် ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အတွင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ကျေးရွာသား ၂ဝ နဲ့ လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ သုံးဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၃ ဦးဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သားတွေ ရှာမတွေ့လို့ လွတ်မြောက်လာခဲ့တဲ့ ရွာသား အားလုံးနီးပါး အခုဖျားနာပြီး ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့လည်း ကိုသေတ္တာက ပြောပါတယ်။

“တောထဲမှာ မိုးကာတဲလေးတွေနဲ့ ယာယီတဲလေး ထိုးနေကြတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီက တောတွေထဲ ရှာတယ်ဆိုတော့ ဒီတဲတွေကို ပစ်ပြီး သူတို့ပြေးရတယ်။ မိုးတွေကလဲ ရွာတယ်။ တညလုံးသူတို့ မိုးထဲမှာ နေခဲ့ကြတယ်။ အခုရွာထဲကို ပြန်ရောက်ကြတော့ လူပေါင်း ၁ဝဝ ကျော်လောက်က ဖျားနာနေကြတယ်။ ကျနော်တို့ ကနီ medical team အနေနဲ့ သွားပြီး ဆေးကုသတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ စားစရာတွေကို သူတို့ဖျက်ဆီးသွားတယ် တောထဲမှာရှိတဲ့ မျိုးမြေပဲဆံတွေကိုလည်း အကုန်လုံး မီးရှို့ဖျက်ဆီးတယ်။ သွန်ပစ်တယ်။ စပါးတွေကိုလဲ ဖျက်ဆီးထားတယ်၊ ဆိုင်ကယ်တွေကိုလဲ အစီး ၆ဝ လောက်ကို မီးရှို့ဖျက်ဆီးထားတယ်။”

အခုလို ကနီဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဖက်က တုံ့ပြန်ချက်ကို လတ်တလော မရနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။