ကရင်အာဇာနည်နေ့ နှောင့်ယှက်ခံရမှု ပွဲစီစဉ်သူတွေက တရားစွဲမည်

2020-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၂ဝ သြဂုတ်လ ၁၃ ရက်နေ့က ကရင်အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ဝင်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဥ်။
၂ဝ၂ဝ သြဂုတ်လ ၁၃ ရက်နေ့က ကရင်အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ဝင်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဥ်။
Photo: Thant Zin Oo/RFA

ဩဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်ခဲ့ပြီး ကျင်းပခဲ့သူတချို့ကို ဖမ်းဆီးခဲ့တဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိသူတွေကို တရားစွဲဆိုမယ်လို့ အခမ်းအနားကျင်းပသူတွေက ပြောပါတယ်။

အဲဒီ အခမ်းအနားအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နဲ့ ဩဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ တွေ့ဆုံညှိနှိုင်းခဲ့ပြီး မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ကျင်းပဖို့ သဘောတူညီခဲ့ကြပေမယ့် ၁၂ ရက်နေ့ အခမ်းအနားကျင်းပနေချိန်အတွင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က မနက် ၁၁ နာရီအထိသာ ကျင်းပဖို့ အကြောင်းကြားခဲ့ကြောင်း၊ အခမ်းအနား စီစဉ်သူ လူငယ်နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ကိုယ်ပိုင်အာမခံနဲ့ ပြန်လွှတ်လိုက်ပေမယ့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ပြီး၊ တရားရုံးကို ၁၅ ရက်အတွင်း တင်ပို့မယ်လို့ အသိပေးထားကြောင်း၊ လာရောက် ဝန်းရံသူတဦးဖြစ်တဲ့ ဒေါ်စိန်ထွေးကိုလည်း ရဲက ဖမ်းဆီးထားပြီး၊ မကြာခင် စစ်ဆေးမယ်လို့ သိရကြောင်း၊  မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီစဉ်သူတွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးကျော်ကတော့ ပွဲကျင်းပခွင့်ပြုခဲ့တာ မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာလအတွင်း လူစုလူဝေးမလုပ်ကြဖို့ ခေါ်ယူညှိနှိုင်းခဲ့တာသာ ဖြစ်ပြီး၊ ငြိမ်းစုစီနဲ့ဖမ်းဆီးတာကတော့ ဆိုင်ရာရဲဌာနနဲ့ သက်ဆိုင်ကြောင်း RFA ကိုပြောပါတယ်။  

ဒီကိစ္စနဲ့ပတ်သက်လို့ RFA က ကျောက်တံတားရဲစခန်းကို မေးမြန်းဖို့  ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ကရင်ခေါင်းဆောင် စောဘဦးကြီး လုပ်ကြံခံခဲ့ရတဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ကို ကရင်အာဇာနည်‌နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ထားပြီး၊ ၊ ရန်ကုန်မြို့မှာ အခမ်းအနားကျင်းပခဲ့တာ ၇ နှစ်ရှိပြီဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့