ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ
2011.01.05
ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကရင်နှစ်ကူးပွဲတော်တစ်ခုတွင် ဒုံးယိမ်းအကဖြင့် တင်ဆက်နေသေ ကရင်တိုင်းရင်းသားများပုံ
“အခုလုပ်တဲ့ပွဲကတော့ ခါတိုင်းပွဲထက် ပိုပြီးတော့ ခမ်းနားတာပေါ့နော်။ ပိုပြီး ကြီးကျယ်တယ်၊ ၄ သောင်း၊ ၅ သောင်း ဝန်းကျင်လောက် ရှိမှာပေါ့။ အကုန်အကျလည်း ပိုပြီးတော့ များတယ်၊ ပိုပြီးတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဒီပွဲလုပ်တဲ့ သုံးညအတွင်းမှာပေါ့နော်၊ ဘာမှ ပြဿနာ အခက်အခဲ လူငယ်တွေနဲ့ ပတ်သက်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မရှိဘူး၊ အေးအေးချမ်းချမ်းနဲ့ နောက်ပေါ့နော်၊ ထိုင်း MY က ပလာကိုယ်တိုင်က လာပြီးတော့ အားပေးတယ်၊ ပြီးတော့ ဒီ လုံခြုံရေးဖက်မှာလည်း MY ပေါ့နော်၊ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြတယ်ပေါ့၊ လုံခြုံရေးပိုင်းမှာ။”
မယ်လှဒုက္ခသည်စခန်းတွင်းက ဘောလုံးကွင်းမှာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူး ပွဲတော်အတွင်း ကရင်ရိုးရာ ယဉ်ကျေးမှု ပြသတဲ့ အစီအစဉ်၊ ဟောပြောပွဲနဲ့ စတိတ်ရှိုး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဒုက္ခသည် ၅သောင်းနီးပါး နေထိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို KNU ထိန်းချုပ်ရာ ကရင်နယ်မြေတွေမှာ အခမ်းအနားတွေ ပြုလုပ်ခဲ့သလို၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့ထိန်းချုပ်ရာနယ်မြေတချို့မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ကရင်မျိုးသားတွေရဲ့ အခွင့်အရေးတွေ ရရှိရေးနဲ့ ကရင်အမျိုးသားတွေ လွတ်မြောက်ရေးအတွက် ကရင် အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အချင်းချင်း အကြားမှာလည်း စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားနေ့မှာ KNU ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်းလိုက်ပါတယ်။
တချိန်တည်းမှာလည်း ကရင်နှစ်ကူး မတိုင်မီ မနေ့ညက ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ခွဲထွက်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဖလူကြီး ဒေသဖက်မှာ စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။









