ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ ပထမဆုံး အခမ်းအနား ကျင်းပ
2014.03.31

ပထမဆုံးအကြိမ် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတစ်ရပ်ကို ကယားပြည်နယ် ဒီမောဆိုမြို့ မော့ဒူကလားမေးဟိုးရင်ပြင်မှာ ဒီနေ့ မနက်က ကျင်းပခဲ့ပါတယ်။
ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အနေနဲ့ကျင်းပခွင့်ရတာဟာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အကျိုးဆက်ဖြစ်တယ် လို့ ကေအန်ပီပီရဲ့ ဒုတိယ ဥက္ကဌ ခူးဦးရယ်က RFA ကို ပြောပါတယ်။
"ဒါက ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ရလာဒ်လို့ ပြောလို့ရတာပေါ့နော်၊ အခုလို ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေး မှုအောက်မှာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ပဲ ကျနော်တို့ဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ဆုံစည်းပြီးတော့ မိတ်ဆက်ပေးရုံသက်သက်ပါ၊ လာမယ့်နှစ်တွေမှာလည်းပဲ ကျနော်တို့ ညီအစ်ကိုတိုင်းရင်းသား အားလုံးကနေပြီး သူတို့ဘာသာသူတို့ ကျင်းပသွားနိုင်ရေးအတွက် လာပြီးတော့ မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်"
စစ်အစိုးရလက်ထက်က ကယားပြည်နယ်မှာ ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို ကျင်းပခွင့် ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီနေ့အခမ်းအနားဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအန်ပီပီ ဒုတိယ ဥက္ကဌ ခူဦးရယ်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တွေ အပါအဝင် ပရိသတ် တစ်ထောင်ဝန်းကျင်လောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။