အပစ်ရပ်ရေး ကြိုးပမ်းမယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ပြောကြား


2016.04.08
alphaungshow-kayah-620.jpg ဧပြီလ ၈ ရက်နေ့ ၂၇၅၅ နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ပင်နီဝတ်စုံ)ကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်ဖို့အတွက် ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပြည်သူတွေ ဘဝလုံခြုံစေမယ့် အပစ်အခတ်ရပ်စဲရေးပုံစံမျိုးကို ဖော်ဆောင်သွားမယ်လို့ကယားပြည် နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကယားပြည်နယ် ဘောလခဲမြို့ ချိကွဲ့ကျေးရွာမှာကျင်းပတဲ့ ၂၇၅၅ နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ် ကူးနေ့ အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"တိုင်းရင်းသား ပြည်သူတို့ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အခြေခံလူ့အခွင့်အရေးများကို အာမခံချက်ပေးနိုင်မယ့် စစ်မှန်သော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာရေးကို ကျနော်ကဦးဆောင်ပြီး အားလုံးနဲ့ လက်တွဲကာ အများပြည်သူအကျိုး စတင်ထမ်းဆောင်ခွင့်ရခဲ့ပါပြီ၊ ဒီလိုလက်နက်ကိုင်ပဋိပက္ခများရဲ့ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတတရားကင်းစင်ပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံသော နိုင် ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတဆင့် ပြည်သူ့ဘဝလုံခြုံအေးချမ်းစေမည့် အပစ်အခပ်ရပ်စဲမှုပုံစံမျိုး ကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်"

အန်အယ်လ်ဒီ အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့ဖြစ်တာမို့ တိုင်းရင်းသားပြည် သူတွေရဲ့ လူနေမှုအဆင့်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်သလို ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ ပါတယ်။

ဒီကနေ့အခမ်းအနားမှာ ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီဥက္ကဌနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ပေးပို့တဲ့သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခွန်းခဲလေ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်တဲ့ ပြည်နယ်အစိုးရ၊ ကရင်နီပြည်လူငယ်များသမဂ္ဂ၊ ကရင်နီ အမျိုးသမီး အစည်းအရုံး အပါအဝင် ကယားပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့ က ကိုယ်စားလှယ်တွေနဲ့ အတူ ဒေသခံစုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။