ကသာ လေကြောင်းတိုက်ခိုက်မှု ကလေးတွေ အပါအဝင် ခြောက်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် အတွင်း ကလေး သုံးဦး အပါအဝင် စုစုပေါင်း အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပြီး လူဦးရေ နှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ခုခံမှုမြင့်တက်လာတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ မြို့နယ်က PDF တပ်ဖွဲ့တွေကို ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ကလေး သုံးဦး အပါအဝင် စုစုပေါင်း အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနေ့က ကသာမြို့နယ် မှတ်တိုင်ကျေးရွာကို စစ်တပ်က လေယာဉ် နှစ်စီးနဲ့ လာရောက် ပစ်ခတ်တာကြောင့် ကလေးတစ်ဦးနဲ့ လူကြီးတစ်ဦး၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မိုးတားကြီးကျေးရွာကို တိုက်လေယာဉ် သုံးစီးနဲ့ ပစ်ခတ်ဗုံးကြဲတာကြောင့် ကလေးငယ် နှစ်ဉီး အပါအဝင် အရပ်သား လေးဦး၊ နှစ်ကြိမ်အတွင်း စုစုပေါင်း အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

မနေ့က မှတ်တိုင်ရွာ တိုက်ခိုက်ခံရမှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး နောက်ကျောမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"၂ နာရီ ၃၀ လောက်ပေါ့နော်၊ လေယာဉ်နှစ်စီး ပတ်ဝဲနေပြီးတော့ နောက်ဆုံးတော့ ကသာမြို့နယ် မှတ်တိုင်ရွာ ရွာဉီးမှာရှိတဲ့ ဘုရားကုန်းအနီးတစ်ဝိုက်မှာပေါ့နော်၊ လေယာဉ်ပျံကနေပြီးတော့ စက်သေနတ်ဗုံးတွေနဲ့ ကြဲပြီးတော့ နှစ်စီးလုံး အဲလို လုပ်သွားတာပေါ့။ အဲလိုမျိုး ကြဲသွားလိုက်တာ စစ်သေနတ်နဲ့ ပစ်သွားလိုက်တာက အဲဒီမှာ ကလေး တစ်ယောက်နဲ့ ဉီးလေး တစ်ယောက် ထိသွားတာပေါ့။ ကလေးကတော့ အဲဒီပေါ်မှာ ကျွဲကျောင်းရင်းနဲ့ သူက ဘုးရားပေါ်မှာ ဆော့နေတာပေါ့နော်။ ကလေး ကတော့ ကျောမှာ တော်တော်လည်း ထိခိုက်ဒဏ်ရာရပြီးတော့ အနားမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနှိင်တဲ့ ဆရာတွေကနေပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးခဲ့တာပေါ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဦးလေးတစ်ယောက်တော့ ခေါင်းပေါက်သွားတာပေါ့"

မှတ်တိုင်ကျေးရွာက ဒဏ်ရာရသူနှစ်ဦးကတော့ အသက် ၈ နှစ်အရွယ် မောင်ကျော်ဝေမိုး နဲ့ အသက် ၄၃ နှစ်အရွယ် ဦးမောင်ဌေး တို့ဖြစ်ပြီး၊ ရွာမှာရှိတဲ့ လောကသရဖူ ဘုရားကုန်း စေတီတော်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ကသာမြို့နယ် မိုးတားကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကတော့ အသက် ၆ နှစ်အရွယ် မောင်နော်ဇက်အောင်၊ အသက် ၇ နှစ် အရွယ် မောင်သက်ထွေးအောင်၊ အသက် ၁၉ နှစ်အရွယ် မောင်သက်ထူးအောင်နဲ့ အသက် ၆၉ နှစ်အရွယ် ဦးကျော်မောင် တို့ဖြစ်ပြီး ဥိးခေါင်းနဲ့ ခြေလက်တွေမှာ ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မိုးတားကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ် ခြောက်လုံးနဲ့ စပါးကျီ သုံးခုလည်း မီးလောင် ပျက်စီးသွားတယ်လို့ ပြောကြပါတယ်။

moetargyi-fireburn.jpg
(မိုးတားကြီးရွာမှာ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်လေယာဥ်နဲ့ တိုက်ခိုက်လို့ မီးလောင်နေတဲ့နေအိမ်ကို တွေ့ရစဉ်) Photo: ကသာ PDF

ကေအိုင်အိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ စစ်တပ်ဘက် က ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေ ရှိမယ်လို့ ယူဆရတဲ့ နေရာတွေကို လေကြောင်း ကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ RFA ကို ပြောပါတယ်။

"မြေပြင်တိုက်ပွဲဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်ကနေပြီးတော့ ကျွန်တော်တို့ ကေအိုင်အေ တို့၊ PDF တို့ ရှိတဲ့နေရာရှိမယ်လို့ ထင်တဲ့နေရာမှာ လေကြောင်းကနေ ရမ်းပစ်တဲ့ အခြေအနေကတော့ ခဏခဏတွေ့တယ်။ အဲလိုမျိုး အနေအထားကတော့ ရှိတယ်။ မနေ့ကလည်း အဲလိုပုံစံနဲ့ဖြစ်နေတာ။ ဒါ့ကြောင့် ရွာတွေကို၊ ရွာသားတွေကို၊ ပြည်သူလူထုနေအိမ်တွေကို ထိခိုက်တာ ရှိပါတယ်။ မြေပြင်တိုက်ပွဲကတော့ မရှိဘူးဗျ။ အခု အဲဘက်မှာ အပြင်အထန် တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က တက်လာလို့ ရှိရင်တော့ လမ်းမှာ မိုင်းခွဲ တိုက်ခိုက်တာတွေကတော့ ရှိတယ်"

ဇန်နဝါရီ ၁၂ ရက် မိုးတားကြီးကျေးရွာ တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့သူ အသက် ၄၃ နှစ်အရွယ် ဦးမောင်ဌေး ဟာ နေ့စဉ် ဟင်းလျာအတွက် ပရစ်တူးပြီး ပြန်လာချိန် လေကြောင်းကနေ ရုတ်တရက်ပစ်ခတ်တာကို ခံခဲ့ရပြီး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် ပစ်ခတ်မှုကြောင့် မိုးတားကြီး ကျေးရွာ ရွာဦးစေတီတော်၊ အရန်စေတီတွေနဲ့ ဆွမ်းစားဓမ္မာရုံလည်း ကျည်ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအခြေအနေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံမပို့ဘဲ CDM ဆရာဝန်တွေကပဲ သင့်တော်သလို ဆေးကုပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ် လေကြောင်း ပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို မေးမြန်းရာမှာတော့ ဗုံးကြဲတာကို ငြင်းဆိုထားပြီး၊ PDF တွေက ကျေးရွာတွေမှာ အစည်းအဝေးလုပ်တာတွေ ရှိတာကြောင့် လေကြောင်းကနေ ပစ်ခတ်တာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

"စစ်ကိုင်းဘက်မှာတော့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ကျေးရွာတွေကို အကာအကွယ် ယူတယ်၊ ကျေးရွာတွေကို အကာအကွယ်ယူပြီးမှ ကျေးရွာလူထုထဲမှာ အရပ်ဝတ်နဲ့ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာမျိုး ရှိတယ်။ PDF အဖွဲ့တွေရော၊ ဟိုဘက်က ကေအိုင်အေ အချို့အဖွဲ့တွေပါ ပါတယ်။ အစည်းအဝေး လုပ်တာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့က လေကြောင်းနဲ့ သွားပြီးတော့ တိုက်ခိုက်တာမျိုး ဆောင်ရွက်ခဲ့တယ်။ လေကြောင်းနဲ့သွားပြီး တိုက်ခိုက်တာ ဆိုတာ ဗုံးကြဲတိုက်ခိုက်တာမျိုး မရှိဘူ။ ရဟတ်ယာဉ်နဲ့ တိုက်ခဲ့တာမျိုး ဖြစ်တယ်။ ရဟတ်ယာဉ်နဲ့ စစ်သည်လိုက်ပါပြီးတော့ ကျနော်တို့ အနီးဆုံးနေရာမှာ ဆင်းပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာရှိတယ်"

"အခုက ရွာတွေကိုပါ ကြဲနေကြတဲ့ အနေအထား ဖြစ်နေတော့ ရွာထဲမှာကို မနေရဲကြတော့ဘူး"

တစ်ပတ်အတွင်း ကျေးရွာနှစ်ခု ပစ်ခတ်ခံရတာကြောင့် ရွာသားတွေ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှတ်တိုင်ရွာသားတစ်ဦးက ပြောပါတယ်။

"အခုကတော့ လူတွေကတော့ တော်တော်လေးကို ကြောက်လန့်နေကြပြီ။ တော်တော် များများ မိုးတားကြီးဘက် တစ်ဝိုက်တွေမှာရော၊ လေယာဉ်လာတဲ့အချိန်ကျတော့ သူက မြင်နေရတယ်ဆိုတော့ မိုးတား၊ ဟဲနား အကုန်လုံး တစ်ကျောလုံးက မြင်နေရတယ် ဆိုတော့ အသံကြားတိုင်းကို ကြောက်နေကြတာ။ အခုကတော့ ရွာသားတွေလည်း တော်တော်များများ ပြေးကုန်ကြပြီ တောထဲတွေတို့၊ အခင်းထဲတွေတို့ ရွာနဲ့ဝေးတဲ့ နေရာတွေကို ပြေးကုန်ကြတာ။ အခုက ရွာတွေကိုပါ ကြဲနေကြတဲ့ အနေအထား ဖြစ်နေတော့ ရွာထဲမှာကို မနေရဲကြတော့ဘူး"

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကသာမြို့နယ် မိုးတားကြီး၊ မိုးတာလေး၊ ဟဲနား၊ မြေနု၊ နောင်ပင်၊ ပင်ဘူး၊ ရွှေဂုန်တိုင်၊ ဝက်ခေါက်၊ နမ်ဆန်း၊ မှတ်တိုင်၊ ဆူးပူကုန် စတဲ့ ကျေးရွာ ၁၀ ခုကျော်က အရပ်သား နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရတယ်လို့လည်း ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်အာဏာသိမ်း တစ်နှစ်နီးပါး ကာလအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့ပြီး၊ ပထမတစ်ကြိမ်နဲ့ ဒုတိယ တစ်ကြိမ် တုန်းကတော့ လူနေအိမ်မရှိတဲ့ တောတောင်တွေကို ထိမှန်ခဲ့တာကြောင့် လူသေဆုံးထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အခု ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၈ ရက် တိုက်ခိုက်မှုတွေမှာတော့ လူနေအိမ်တွေနဲ့ ကျေးရွာ အနီးတစ်ဝိုက်ကို ကျည်ထိ မှန်ခဲ့တာကြောင့် အသက် ၆ နှစ်ကနေ ၈ နှစ်ကြားအရွယ် ကလေး သုံးဦးအပါအဝင် စုစုပေါင်း အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။