စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းဝင်ရောက် လာတာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစပြီး ရွာပေါင်းကိုးရွာက ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မန္တလေးကနေ ဧရာဝတီမြစ်ကိုဆန်တတ်လာတဲ့ စစ်လက်နက်နဲ့ ရိက္ခာပါ စစ်သင်္ဘောကိုးစီးနဲ့အတူ လိုက်ပါလာတာဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့မှာ ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းကနေ ရွာတွေထဲကို စတင်ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် အင်းဒရန့်၊ ဘုရားကုန်း၊ ဆင်ကုန်း၊ ဘန့်ဘွေကုန်း၊ ပုလွေရွှေ၊ ဒုန်းအော့၊ သစ်ဖြူကုန်း၊ ကျောက်ထုံးကြီးနဲ့ ပိုးဇာကုန်းရွာက ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်သင်္ဘောကိုးစီးဟာ ကသာမြို့ကို ဝင်ရောက်လာပြီးနောက် စစ်ကြောင်းတွေကတော့ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကသာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုတစ်ခေါက်ဝင်လာတဲ့ စစ်ကြောင်းတွေက အင်အားလည်းများတယ်ဆိုတော့ အကုန်လုံးက ရွာနဲ့ဝေးနိုင်သမျှ ဝေးအောင်ရှောင်ကြ၊ ပြေးကြတာပဲ။ ဘာမှကို လှည့်မကြည့်နိုင်အောင် ပြေးရတယ်။ တချို့တွေလည်း ကသာမြို့ပေါ် တက်ရှောင်ကြသလို၊ တချို့ကြတော့ ထီးချိုင့်မြို့အထိ တက်ရှောင်ကြတယ်။ မိုးထဲလေထဲဆိုတော့ အခက်အခဲ ပေါင်းစုံပါပဲ"
အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၄ ရက်နေ့မှာ ကျောက်ထုံးကြီးရွာနဲ့ ၅ ရက်နေ့မှာ အင်းဒရန့်ရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်တစ်ရာနီးပါးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၆ ရက်ညနေပိုင်းမှာတော့ အဲဒီစစ်ကြောင်းဟာ စစ်သင်္ဘောတွေနဲ့အတူ ဧရာဝတီမြစ်ကနေ ရွှေကူမြို့ကို ပြန်တတ်သွားပြီဖြစ်ပေမယ့် လုံခြုံရေး စိတ်မချရသေးတာကြောင့် ဒေသခံအများစု ရွာကိုမပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၇၇၈၉၀၀ ရှိပါတယ်။