ရေကြီးမြေပြိုမှုကြောင့် ထိုင်း - မြန်မာ ကုန်သွယ်ရေးလမ်း ပြတ်တောက်

ထိုင်း - မြန်မာ ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုရတဲ့ အာရှလမ်းမကြီးက တောနော်ရေတံခွန်အနီးလမ်းပိုင်းနဲ့ ကော့ကရိတ်- မြဝတီ ထို့ကော်ကိုးလမ်းဟာ ရေကြီးမြေပြိုမှုတွေကြောင့် သြဂုတ်လ ၇ ရက်က စလို့ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်-မြဝတီကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးက တောနော်ရေတံခွန်အနီး လမ်းပိုင်းဟာ ဩဂုတ်လ ၇ ရက်နေ့ နေ့လယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပြီးကွန်ကရက်လမ်း ပေ ၁၀၀ ဝန်းကျင်ဟာ ပျက်စီးသွားတာဖြစ်ပါတယ်။

အဲဒီမြေပြိုမှုကို ရှောင်ကွင်းသွားလို့ရတဲ့ ကော့ကရိတ်- မြဝတီ ထို့ကော့ကိုးလမ်းကလည်း ဩဂုတ်လ ၇ ရက် မနေ့ညကစပြီး ရေကြီးမှုကြောင့် ပြတ်တောက်သွားပြီလို့ သင်္ဃန်းညီနောင် မြို့သစ်လူမှုကူညီရေးအဖွဲ့က RFA ကို ပြောပါတယ်။

"ထို့ကော်ကိုးလမ်းက မနေ့ကအထိ ကောင်းနေသေးတယ်။ ညကမှ မိုးများပြီး ရေးထိုးပြီးတော့ လမ်းပြိုသွားတာ။ အခုက အကုန်လုံးပြတ်နေတာပေါ့။ ဘယ်လမ်းမှ သွားလို့မရဘူး။ ထို့ကော်ကိုးလမ်းက ပြန်ကောင်းတယ်ဆိုရင်တောင် ကားအသေးလောက်ပဲရမှာ"

ထို့ကော်ကိုးလမ်းပိုင်းက တံတားအသေးတစ်ခုကို ရေတိုက်စားပြီး လမ်းပြတ်တောက်သွားတာဖြစ်တယ်လို့ သူက ပြောပါတယ်။

မြဝတီကိုသွားနိုင်တဲ့ ဒေါနလမ်းဟောင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ရှိနေတာကြောင့် လုံခြုံရေးအရ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လမ်းပြတ်တောက်မှုတွေကြောင့် ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ကားတွေ သွားလာလို့မရတဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒါက စီးပွားရေးသမားတွေကတော့ လုပ်မှာပဲ ကုန်ဈေးနှုန်းတက်မယ် ဒါပဲ။ လမ်းပြတ်ပြီဆိုတာနဲ့ မနေ့ကဆိုရင် သင်္ဃန်းညီနောင်တို့ ဘာတို့မှာ ဆန်ဆိုင်တွေ၊ ဟင်းသီးဟင်းရွက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ ဈေးတက်မှာစိုးလို့ လူတွေက အပြည့်ပဲ"

အာရှလမ်းပိုင်း ပြတ်တောက်မှုတော့ ဩဂုတ်လ ၇ ရက်မှာ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးအဖွဲ့တချို့ လာရောက်ကြည့်ရှု့ပြီးနောက် ပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြဝတီမြို့အနီးက သောင်ရင်းမြစ်ရေဟာ ဩဂုတ်လ ၂ ရက်နေ့ကတည်းက စိုးရိမ်ရေအမှတ်အထက်ကို ရောက်ရှိနေပြီး မြို့ထဲမှာ ရေကြီးရေလျံမှုတွေလည်း ဖြစ်နေတာကြောင့် လူဦးရေ ၁၅၀၀ ကျော်အတွက် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကတော့ ကရင်ပြည်နယ်တစ်ခုလုံးမှာ ရေဘေးသင့်ပြည်သူ ခြောက်ထောင်နီးပါးရှိနေတယ်လို့ ပြောထားပါတယ်။