ကောလင်း၊ ဝန်းသိုမြို့နယ် များတွင် ရေကြီး၊ သေဆုံးမှုရှိ

0:00 / 0:00

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်တို့မှာ မနေ့ညက မိုးဆက်တိုက်ရွာပြီး ရေကြီးလာ တာကြောင့် နေအိမ် ၄ထောင်ကျော် ရေနစ်မြုပ်သလို ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဝန်းသိုမြို့က ၇ မိုင်တံတားကျိုးကျတာကြောင့် အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပြီး တံတား ၅ စင်း ကျိုးကျသွား တယ်လို့ ဝန်းသိုမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း က ပြောပါတယ်။

"ဝန်းသိုက ၇ မိုင် တံတားပြိုကျတာဖြစ်တဲ့အတွက် လူ ၂ ယောက် ဆိုင်ကယ်စီးရင်းနဲ့ ပါသွားတယ်ဆိုတဲ့ သတင်းတော့ ကျမသိရတယ်၊ ခုသိသလောက်ဆိုရင် တံတား ၄၊ ၅ စင်းလောက် ပျက်သွားတယ်ရှင့်"

အလားတူ ကောလင်းမြို့မှာ မိုးဆက်တိုက်ရွာတာကြောင့် ဒီနေ့မနက် ၄ နာရီလောက်က တောင်ကျချောင်းရေ မြင့် တက်လာပြီး ကောလင်းမြို့ပေါ် ရပ်ကွက် ၆ ခုစလုံးက နေအိမ် ၄ထောင်လောက် ရေလွှမ်းသွားတယ်လို့ ကောလင်း မြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပရဟိတ ကွန်ရက် အတွင်းရေးမှူး ဦးအောင်မျိုးဝေ က ပြောပါတယ်။

"မနေ့က ဝန်းသိုမှာ ရွာတာက ၁ဝ.၃၅ ရှိတယ်၊ ကောလင်းမှာ ရွာတာက ၃.၄၅ ရှိတယ်ဗျ၊ အထက်က မိုးရေချိန် ၁ဝ.၃၅ ရေတွေက ကျနော်တို့ဘက်ကို စီးဆင်းလာတာပဲ၊ ၅ နာရီခွဲ ၆ နာရီလောက်က စံချိန်တင်အမြင့်ဆုံးရောက် တယ်၊ မြို့ရဲ့အနိမ့်ဆုံးနေရာမှာဆိုရင် ၁ဝ ပေ ဝန်းကျင်လောက်ရှိတဲ့နေရာရှိတယ်၊ မြို့လယ်ခေါင် အမြင့်ဆုံးနေရာ မှာ ရေအနည်းဆုံးဝင်တယ်လို့ သတ်မှတ်တဲ့နေရာမှာဆိုရင် ၂ ပေခွဲလောက်ရှိတယ်၊ ပြီးတော့ တဖြည်းဖြည်း ချင်းပြန်ကျတယ်"

ဒါ့အပြင် အစိုးရရုံးတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေထဲကိုပါ ရေတွေဝင်ရောက်နေတာကြောင့် ကျောင်းတချို့ကို ပိတ်ထားရပါတယ်။

ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်မှာရှိတဲ့ အနောက်ကျောင်းကြီး ဘုန်းကြီးကျောင်းမှာ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး အစားအသောက်တွေ ပေးဝေနေရသလို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ် စတဲ့ဌာန ဆိုင်ရာတွေကလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

ကောလင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကောလင်းမြို့မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ကောလင်း မြို့နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ရက် အတွင်းရေးမှူး RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

တချိန်ထဲမှာလည်း ရေဘေးသင့်တဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်ဝန်ကြီးချုပ်နဲ့အတူ ခရိုင်အဆင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးတွေကလည်း လိုက်လံကူညီနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။