လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီဒုက္ခသည် လေးထောင်ကျော် နေရပ်မပြန်နိုင်သေး

ကယားပြည်နယ် မယ်စဲ့မြို့နယ်အတွင်းက ဒေါနိုးခူးဒုက္ခသည် စခန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ဒေါနိုးခူးဒုက္ခသည် လေးထောင်ကျော် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၂) မော်ဖရေးမြာက ဩဂုတ်လ ၁၇ ရက်မှာ ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်က ဒေါနိုးခူးဒုက္ခသည် စခန်းအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တာလို့ မော်ဖရေးမြာက ပြောပါတယ်။

“သူတို့ လေယာဉ်က နေ့တိုင်းလိုလိုလာတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကလည်း ထပ်လာကြဲသေးတယ်။ ဒေသခံတွေက ကြောက်တာပေါ့နော်။ သူတို့လာကြဲတာက KA ဂိတ်တွေကိုပေါ့။ ဒေါနိုးခူး ဒုက္ခသည်စခန်းနဲ့လည်း သိပ်မဝေးဘူးဆိုတော့လေ။ သူတို့ နေရပ်ပြန်ဖို့က မလွယ်သေးဘူး”

ဒေါနိုးခူးဒုက္ခသည် စခန်းကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းကို ထွက်ပြေးခဲ့ကြရတာပါ။

၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးထောင် နီးပါးရှိနေပါတယ်။

ဒါကြောင့် ဒေါနိုးခူးဒုက္ခသည်စခန်းက ထပ်မံထွက်ပြေးလာသူတွေနဲ့ဆိုရင် ထိုင်းနိုင်ငံ အတွင်း ခိုလှုံနေရတဲ့ ဒုက္ခသည် ကိုးထောင်နီးပါးရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

ထွက်ပြေးလာသူ အားလုံးကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက လက်ခံထားတယ်လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံဘက်က အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ သတင်းတွေထွက်နေပေမယ့် လက်ရှိမှာတော့ နေရပ်ပြန်ပို့ဖို့ ပြင်ဆင်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ကိုဗညားက ပြောပါတယ်။

မယ်စဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို မရောက်နိုင်ဘဲ မယ်စဲ့မြို့နယ်အတွင်း ခိုလှုံနေရတဲ့ ဒုက္ခသည် လေးထောင်လောက်လည်း ရှိနေသေးတယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၂) မော်ဖရေးမြာ က ပြောပါ တယ်။

လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာအပြင် စစ်ကောင်စီလေကြောင်းရန်ကြောင့် အဲဒီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေးမှာလည်း အခက်အခဲရှိတယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူဦးရေ နှစ်သိန်းကျော် နေရပ်စွန့်ခွာနေရပြီး အများစုက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။