ကယော အမျိုးသားနေ့ လွိုင်ကော်မြို့မှာ ကျင်းပ


2016.04.15
kayaw-national-day-620.jpg ဒုတိယကြိမ်မြောက် ကယော အမျိုးသားနေ့အခမ်းအနားကို ကယားပြည်နယ်လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာရှိတဲ့ နှစ်ခြင်း ဘုရားရှိခိုးကျောင်းဝင်းမှာ ဧပြီလ ၁၅ ရက်နေ့က ကျင်းပစဉ်
Photo: Nay Thwae/RFA

ဒုတိယကြိမ်မြောက် ကယော အမျိုးသားနေ့အခမ်းအနားကို ကယားပြည်နယ်လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ ရှိတဲ့ နှစ်ခြင်းဘုရားရှိခိုးကျောင်းဝင်းမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

ကယောလူမျိုးတွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့နဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလို ကျင်းပရတာဖြစ်တယ် လို့ကယောလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျွန်ဘောစကို က ပြောပါတယ်။

"အမျိုးသားနေ့ ကျင်းပရတဲ့ရည်ရွယ်ချက်က ကျနော်တို့လူမျိုးတွေ ပြန်ပြီးစုစည်းတယ်၊ နောက်ပြီးတော့ ကိုယ့်လူမျိုး မပပျောက်အောင်၊ ကိုယ့်ယဉ်ကျေးမှုပြန်ပြီးတော့ ဖော်ထုတ်တယ်၊ ကိုယ့်ရဲ့ဇာတိသွေး ဇာတိမာန်လည်း ပြန်ပြီးဖော်ထုတ်တယ်၊ အဓိကတော့ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့အလံအောက်မှာပေါ့နော် ကိုယ်က ကယောလူမျိုးဖြစ်တဲ့အကြောင်းကို သက်သေပြတာပေါ့"

အခမ်းအနားကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းရင်းသားတွေ ယဉ်ကျေးမှု မပျောက်ဖို့နဲ့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့ ကယားပြည်နယ် အစိုးရအနေနဲ့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကယောအမျိုးသားတွေဟာ လူဦးရေ ငါးထောင်ကျော်ရှိပြီး ကယားပြည်နယ်အတွင်းက ဒီမောဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာနေထိုင်နေပြီး စစ်ကိုင်းတိုင်းထဲမှာလည်း တချို့နေထိုင်တယ်လို့ ပြောပါတယ်။

ဒီကနေ့အခမ်းအနားကို ကယားပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီပြည်လူငယ်များသမဂ္ဂ စတဲ့အဖွဲ့တွေနဲ့အတူ လူဦးရေ ၃ဝဝ လောက်တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။