လားရှိုး ခေးနင်းဆရာတော် လုပ်ကြံခံရလို့ ပျံလွန်

ကံသာ
2019.10.21
khaynin-monk-funeral-622.jpg ခေးနင်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ ရုပ်ကလပ်ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

လားရှိုးမြို့နယ် ခေးနင်းကျေးရွာမှာရှိတဲ့ ခေးနင်းကျောင်း ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်ကို မနေ့ညနေက သေနတ်သမားနှစ်ယောက်က ပစ်ခတ်လုပ်ကြံခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့ပါတယ်။

ဆရာတော်ဟာ သေနတ်ကျည်ဆံခြောက်ချက်လောက် ထိမှန်ခဲ့တယ်လို့ ခေးနင်းကျောင်းဂေါပကအဖွဲ့က ဦးကျော်ဝင်းက ပြောပါတယ်။

သေနတ်သမားနှစ်ယောက်ဟာ ဆရာတော်ကို လုပ်ကြံပြီး ကျောင်းရဲ့ဘေးအပေါက်ကနေ ထွက်ပြေးသွားခဲ့ကြ ပါတယ်။ ဆရာတော်ကို မနေ့ညပိုင်းမှာပဲ လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ခေးနင်းကျောင်းကို ပြန်လည်ပင့်ဆောင်လာတာဖြစ်ပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တ ပညာဇောတဟာ ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာကဖြစ်ပြီး သက်တော် ၄၅ နှစ် ဝါတော် ၂၅ ဝါရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ ကျောင်းထိုင်မရှိလို့ ၂၀၀၃ ခုနှစ်ကတည်းက လားရှိုး ကန်မိန်းကျောင်းကနေ ဒေသခံတွေက ပင့်ဆောင်လာတာဖြစ်ပြီး ခေးနင်းကျောင်းမှာ ဆယ့်ခြောက်နှစ်ကြာ သီတင်းသုံးနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆရာတော် ရောက်လာပြီးနောက်မှာ ခေးနင်းကျောင်းမှာ ကလေးတွေပညာရေးကိစ္စတွေ၊ ဘုန်းကြီးကျောင်း ဖွံ့ဖြိုးတိုးတက်ရေးတွေ ကောင်းမွန်လာသလို ကျောင်းတွင်းမှာ စေတီတွေ၊ ကျောင်းဆောင်သစ်တွေ ရေစက်ချဖို့ပဲ ကျန်တော့တဲ့အချိန်မှာ အခုလို ပျံလွန်တော်မူတဲ့အတွက် ကျေးရွာသားတွေ ဝမ်းနည်း ပူဆွေးနေကြပါတယ်။

တအာင်းဥပဒေ အထောက်ကူပြုအဖွဲ့က မိုင်းမျိုးအောင်ကတော့ ဒေသအတွင်းမှာ အခုလို ဥပဒေမဲ့လုပ်ရပ်တွေ မကြာခဏဖြစ်ပေါ်နေတဲ့အပေါ် ကန့်ကွက်ရှုံ့ချတယ်လို့ ပြောပါတယ်။

ဆရာတော် လုပ်ကြံခံရမှုမှာ ဒေသအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံတွေကြားမှာ ယူဆချက်တွေရှိနေကြပါတယ်။

RFA က ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ် ပါတယ်။ သေနတ်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လားရှိုးမြို့နယ် နောင်မွန်နယ်မြေ ရဲကင်းစခန်းမှာ အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။