ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တောင်ဘက်က ရွာတွေကို ဩဂုတ်လ ၂၁ ရက်ဒီနေ့ စစ်ကောင်စီတပ် အင်အားတစ်ရာခန့် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာငါးရွာက ပြည်သူသုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့ အောင်သီရိရပ်ကွက်က ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို ပြန်လွှတ်ခဲ့ပေမယ့် ကိုမျိုးဆိုသူကိုတော့ လမ်းပြအဖြစ် ဆက်ခေါ်ပြီး ရွာတွေဘက် စစ်ကြောင်း ဆက်ထိုးနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မြို့တောင်ဘက်က ရွာတွေ ထွက်ပြေးနေရတာပေါ့ မိုးထဲရေထဲ အကုန် ထွက်ပြေးနေရတယ်။ သူတို့ ဒေသခံတစ်ဦးကိုလည်း ဖမ်းခေါ်လာတယ်။ ပြန်မလွှတ်ပေးသေးဘူး”

ထွက်ပြေးနေရတဲ့ရွာတွေက လောင်းရှည်၊ လောင်းရှည် (ရွာသစ်)၊ ဥစ္စာတွင်း၊ လက်ပံလှနဲ့ ကန်သစ်ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဒီနေ့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။