ခင်ဦးက NUG အချုပ်ထောင်စီးနင်းခံရပြီး အချုပ်သား ၂၃ ဦးလွတ်မြောက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တောင်ပိုင်း၊ ရသန်းရွာမှာရှိတဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ်အမှတ် (၁) အချုပ်ခန်းကို ဩဂုတ်လ ၉ ရက်၊ မနက် ၅ နာရီမှာ စစ်ကောင်စီတပ်ကဝင်စီးပြီး အချုပ်သား ၂၃ ဦးကို ကယ်ထုတ်သွားတယ်လို့ ခင်ဦး ဒေသခံတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းက စစ်ကောင်စီ တပ်သား တစ်ရာကျော်နဲ့ ဖုတ်ကုန်းရွာက ပျူစောထီးတွေပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ကယ်ထုတ်သွားတဲ့အပြင် အချုပ်ခန်းကိုပါ မီးရှို့သွားတယ်လို့ ဆိုပါတယ်။

အဲဒီအချုပ်ခန်းထဲမှာ ဖုတ်ကုန်းရွာဘက်က ပျူစောထီးနဲ့ ဆက်နွယ်သူတွေကို အဓိက ဖမ်းဆီးထိန်းသိမ်းထားတာလို့ ခင်ဦးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖုတ်ကုန်းက ကျွံကျွံထွက်လာတဲ့သူတွေကို စစ်ဆေးဖို့ ထိန်းထားတာပေါ့။ ပြန်လွှတ်သင့်တဲ့သူ လွှတ်ဖို့စီစဉ်ပြီးသား။ စစ်ဆေးနေဆဲမို့ပါ။ အဲဒါကိုသူတို့ လာကယ်သွားတာပေါ့။ သူတို့ဘက်က လူတွေကို ဖမ်းထားတာက ၂၁ ယောက်၊ ခိုးမှုနဲ့ တစ်ယောက်၊ နောက်တခြားအမှုနဲ့ တစ်ယောက်ပေါ့။ အားလုံး ၂၃ ယောက်ရှိတာ အချုပ်ထဲမှာ။ သူတို့ထဲက လူတစ်ယောက်ကတော့ ပြန်မလိုက်သွားဘဲ ရွာမှာပဲနေခဲ့တယ်။ မလိုက်ချင်ဘူးလို့ ပြောတယ်။ ၂၂ ယောက်တော့ ပြန်ပါသွားတာပေါ့။ တောက်လျှောက် ရွာထဲအမြန်ဝင်ပြီး အချုပ်ခန်းထဲက သူတို့လူတွေခေါ် အချုပ်ခန်းကို မီးရှို့သွားတာပေါ့”

ရွာထဲမှာရှိတဲ့ ပြည်သူသွားတဲ့လမ်းတွေက မိုင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ခဏဖွင့်ပေးထားချိန် အလစ်အငိုက် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ဒါ့အပြင် ရသန်းရွာက ထွက်မပြေးနိုင်တဲ့ ဒေသခံ လေးဦးနဲ့ အနီးအနားရွာက ဒေသခံ သုံးဦး၊ စုစုပေါင်း ခုနစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပေမယ့် စစ်ကြောင်းပြန်ထွက်ချိန် မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေကြောင့် ရသန်းရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပဒွင်း၊ လက်ပံလှ စတဲ့ရွာငါးရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့လည်းရွာ မပြန်ရဲသေးဘူး။ တချို့ကတော့ ရွာထဲသွားလိုက်၊ ယူချင်တာရှိရင်ယူပြီး ပြန်ထွက်ပြေးလာလိုက် အဲလိုမျိုးလုပ်နေရတာပေါ့”

မနေ့မှာပဲ အင်းပါတ်ရွာကိုလည်း စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်းက ပျူစောထီးပူးပေါင်း အဖွဲ့ အင်အား သုံးဆယ်ကျော် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့လို့ အင်းပါတ် အပါအဝင် မရမ်းအင်း၊ မြကန်၊ ချမ်းသာကုန်းစတဲ့ ရွာလေးရွာနဲ့ အနီးအနားရွာက ဒေသခံ သုံးထောင်ထက်မနည်း ထွက်ပြေးနေရပါတယ်။

မရမ်းအင်းရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၇ နှစ်အရွယ် ဒေါ်ဝင်းစိန်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်မာလာဦး၊ အသက် ၃၃ နှစ်အရွယ် ကိုဇင်မျိုးထွန်းနဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဇင်လင်းဖြိုးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး စောနိုင်ကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်အထိ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁ ဒသမ ၆ သန်းကျော်လာတဲ့အထဲမှာ ၇၇၈,၉၀၀ ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။