စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်က နေအိမ်တစ်ခုကို ဩဂုတ်လ ၁၇ ရက်နေ့ညက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်လို့ အသက်သုံးနှစ်အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြကန်သာရပ်ကွက် အရှေ့ပိုင်းမှာ နေထိုင်တဲ့ မသီတာဦးရဲ့ နေအိမ်ကို စီးနင်းခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မသီတာဦးရဲ့ သားဖြစ်သူ အသက်သုံးနှစ်အရွယ် မောင်သုတကိုကိုထက် သေဆုံးခဲ့ရသလို အိမ်နီးချင်း အသက် ၅၀ အရွယ် ဦးဖိုးပိန်လည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“မသီတာဦးရဲ့ အိမ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုပြီး ဝင်စီးတာ။ ပြီးတော့ စစ်ကောင်စီဘက်က ပစ်ခတ်တော့ မသီတာဦးရဲ့ အမွှာမွေးထားတဲ့ ကလေးတွေထဲက သားအကြီးဖြစ်တဲ့ မောင်သုကိုကိုထက်က သေနတ်မှန်ပြီး ဆုံးသွားတယ်။ စီးနင်းနေတဲ့အချိန် ဘေးအိမ်က အမျိုးသားတစ်ဦးလည်း ပစ်ခတ်ခံရပြီး သေသွားတယ်”
စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦး အပါအဝင် အိမ်ပိုင်ရှင် မသီတာဦးနဲ့ အသက်ရှင်ကျန်ရစ်တဲ့ သူ့ရဲ့ သားအငယ်ဖြစ်သူ သုံးနှစ်အရွယ် မောင်သုတညီညီထက်ကိုပါ တစ်ပါတည်းဖမ်းခေါ် သွားတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် အခု သေဆုံးသူတွေအပြင် အနီးနား အိမ်တွေက အမျိုးသား သုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားကြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဩဂုတ်လ ၁၇ ရက်ညက PDF တပ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ ခင်ဦးမြို့က မသီတာဦးနဲ့ အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဖော်ပြကြပါတယ်။
ခင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဖမ်းဆီးခံရသူတွေဟာ PDF တပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကတော့ အဲဒီဖြစ်စဉ်ကို မသိရတဲ့အကြောင်း RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၃,၉၄၉ ဦးသေဆုံးခဲ့ပါတယ်။