ခင်ဦးမှာ စစ်ကြောင်းထိုးချိန် သုံးဦး သတ်ဖြတ်ခံရ
2024.09.10
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းကြီးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ စစ်ကြောင်းက ရွာခံ အမျိုးသား သုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့က မနက်အစောပိုင်းမှာ မဒေါင်းလှရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ အင်အား ၁၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ မဒေါင်းလှရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာက မဒေါင်းကြီးရွာထဲကို ဝင်ရောက်ချိန်မှာ ရွာခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက် ၂၀ ကနေ ၃၅ နှစ်အတွင်း အရွယ်ရှိကြတဲ့ လူငယ်တွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မနက် ၇ နာရီလောက်ပေါ့။ အိပ်ပျော်နေတော့ စစ်ကြောင်းထိုးလာတာကို မသိတော့ အရှင်မိပြီး အသတ်ခံရတာ။ ရွာသား လေးယောက် အိပ်ပျော်နေတာ။ သုံးယောက်ကို ပစ်သတ်ပြီး တစ်ယောက်ကို ဖမ်းသွားတယ်။ ဓားစာခံအဖြစ်နဲ့ ခေါ်သွားတယ်ဗျ။ အသတ်ခံရတဲ့သူတွေက အသက် ၂၀ ကနေ ၃၅ နှစ်အတွင်း လူငယ်တွေပေါ့ဗျာ”
အဲဒီနောက် စစ်ကြောင်းဟာ ဂျပို့၊ စည်ပုတ္တရာနဲ့ ပေါက်သင့်တုံရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကစလို့ မနေ့ကအထိ မဒေါင်းလှရွာ ပျူစောထီးစခန်းရဲ့ အနီးအနား ရွာတွေဖြစ်တဲ့ မဒေါင်းကြီး၊ ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ၊ ငကြိုင်း၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်း၊ ပေါက်တော၊ ဆီဆုံလေး စတဲ့ ရွာပေါင်း ၁၃ ရွာက နေအိမ် ငါးရာခန့် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မီးရှို့ခံရတဲ့ ရွာပေါင်း ၁၃ ရွာ အပါအဝင် ရွာပေါင်း ၁၆ ရွာခန့်က ဒေသခံ တစ်သောင်းကျော်လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ခင်ဦးမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ဩဂုတ်လ ၁၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအထိုင်ချထားတဲ့ မဒေါင်းလှရွာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူဖို့ ကြိုးပမ်းခဲ့ တာပါ။
ဩဂုတ် ၃၁ ရက်နေ့မှာ အဲဒီရွာကို သိမ်းယူပြီးသလောက် ဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းက အဆက်မပြတ် တိုက်ခိုက်တာကြောင့် ပြန်ဆုတ်ခွာရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က မဒေါင်းလှရွာကို အင်အားထပ်ဖြည့်ပြီး အနီးအနားက ရွာတွေကို စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၄ ခုနှစ်ရဲ့ ပြီးခဲ့တဲ့ ခုနစ်လအတွင်းမှာ နေအိမ်ပေါင်း နှစ်သောင်းတစ်ထောင် (၂၁,၀၀၀) ကျော် ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။