စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို ဩဂုတ်လ ၂၂ ရက်ဒီနေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်စီးနင်းနေတာကြောင့် ရွာပေါင်း ၁၃ ရွာက ပြည်သူရှစ်ထောင်ကျော် ထွက်ပြေးနေရသလို အမျိုးသမီးနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခင်ဦးမြို့မရဲစခန်းကိုရောက်နေတဲ့ အင်အားနှစ်ရာနီးပါးပါ ခမရ (၃၆၁) စစ်ကြောင်းက ခင်ဦးမြို့ပေါ်ကနေ မြို့ရဲ့ အရှေ့တောင်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် လောင်းရှည်၊ လက်ပံလှ၊ သံဘို၊ ချောင်းဆုံ၊ ကျီးကန် စတဲ့ရွာတွေက ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီနေ့တစ်ရက်တည်းမှာပဲ ရေဦးမြို့နယ်ထဲကထွက်လာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းက ခင်ဦးမြို့နယ် အနောက်ခြမ်းက အင်းပါတ်ရွာအနီး စစ်ကြောင်းထိုး နေတာကြောင့် အင်းပါတ်၊ ချမ်းသာကုန်း၊ ကုန်းသာ၊ မရမ်းအင်း၊ မြင်းဒေါင်း စတဲ့ရွာတွေက ဒေသခံလေးထောင်ကျော် ထပ်မံ ထွက်ပြေးနေရတာပါ။
မိုးစပါးစိုက်ပျိုးချိန်းမှာ လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာပြီးထွက်ပြေးနေရတာကြောင့် အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ လက်ရှိထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အခုက စိုက်ချိန်ပျိုးချိန်ပေါ့ ရွှေဘိုပေါ်ဆန်းလို့ခေါ်တဲ့ ဘေးကြားမျိုးစိုက်ကြတာ။ ပျိုးနုတ်ထားပြီး မစိုက်ဘဲ ထွက်ပြေးနေရတော့ ပျိုးတွေပုတ်ကုန်တာပေါ့။ မိုးကလည်းဆက်တိုက်ရွာတယ်။ မိုးထဲရေထဲ ထွက်ပြေးနေရတော့ ဒုက္ခရောက်ကြတယ်”
ခင်ဦးမြို့ပေါ်ကထွက်လာတဲ့ စစ်ကြောင်းဟာ ဩဂုတ်လ ၂၁ ရက်မနေ့ကလည်း စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က ဒေသခံတချို့ကိုဖမ်းဆီးပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၅၅ နှစ်အရွယ် ဒေါ်ဌေးနဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ခင်မာလာတို့ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကတော့ စစ်ကိုင်းတိုင်းထဲက လုံခြုံရေးဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။
အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။