ခင်ဦးမှာ စစ်ကြောင်းကြောင့် ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.09.04
ခင်ဦးမှာ စစ်ကြောင်းကြောင့် ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းက ရွာတွေကို စက်တင်ဘာလ ၃ ရက်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းက စီးနင်းဝင်ရောက်နေတာကြောင့် ရွာဆယ်ရွာက အရပ်သား ရှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် အထိုင်ချထားတဲ့ မဒေါင်းလှကျေးရွာအနီးမှာရှိတဲ့ စည်ပုတ္တရာ၊ ပေကုန်း၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ဆီဆုံလေး စတဲ့ ရွာတွေအပါအဝင် ရွာဆယ်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ဒေသခံတွေဟာ နေရာအနှံ့ကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထမင်းထုပ်တွေ ပို့ပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“နေရာဒေသအနှံ့အပြားပေါ့။ မရှောင်ရတဲ့ရွာတွေကိုပြေးတာရှိတယ်။ (ခင်ဦး)မြို့ပေါ်လည်း ပြေးတာရှိတယ်။ တောတွေထဲမှာရော။ စစ်မရှောင်ရတဲ့ရွာတွေက စုပေါင်းပြီး ထမင်းထုပ်တွေ ပို့ပေးနေရတာပေါ့"

စက်တင်ဘာလ ၃ ရက် မနေ့က အင်အားရှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ စောကြီးနဲ့ ဖန်းခါးကုန်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းရှိနေသေးတာကြောင့် နေအိမ်ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ဩဂုတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ မဒေါင်းလှရွာကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူဖို့ကြိုးပမ်းခဲ့တာပါ။

ဩဂုတ် ၃၁ ရက်နေ့မှာ အဲဒီရွာကို သိမ်းယူပြီးသလောက်ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းက အဆက်မပြတ် တိုက်ခိုက်တာကြောင့် ပြန်ဆုတ်ခွာရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲဝင်တွေက ပြောပါတယ်။

မဒေါင်းလှရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများသလို လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးခန့်လည်းသေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က မဒေါင်းလှရွာကို အင်အားထပ်ဖြည့်ပြီး အနီးအနားက ရွာတွေကို စီးနင်းဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။