ဗန်းမော်မြို့က စစ်ကောင်စီသံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်

RFA Burmese
2025.01.25
ဗန်းမော်မြို့က စစ်ကောင်စီသံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သိမ်းယူထားသည့် သံချပ်ကာ ကားတစ်စီးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
The Kachin Net

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က RFA ကို အတည်ပြု ပြောပါတယ်။

သံချပ်ကာကား ခုနစ်စီးနဲ့အတူ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“သံချပ်ကာကားတွေက မောင်းရသလား ပျက်စီးသွားသလား သေချာတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ ခုနစ်စီးနဲ့အတူ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကတော့ ဒီညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ အပြီးအစီး သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်”

ဗန်းမော်မြို့က စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ခြေလျင်တပ်ရင်း ခလရ (၄၇) ကို KIA နဲ့ ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့တွင်း နေရာတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူထားနိုင်ပေမဲ့ တစ်မြို့လုံးကို ထိန်းချုပ်နိုင်တာတော့ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သံချပ်ကာတပ်ရင်း လက်လွှတ်လိုက်ရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီအတွက် စီးပွားရေးအရရော၊ စစ်ရေးအရပါ အရေးပါပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီ တန်ဖိုးရှိတဲ့ မြေရှားသတ္တုတွင်းနယ်မြေ၊ ကျောက်စိမ်းနယ်မြေတွေ အပါအဝင် ကချင်ပြည်နယ်ထဲက ဧရိယာ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို KIA က သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။