ဖားကန့် ဆိုင်းတောင်ရွာ စစ်ကောင်စီ ရဲစခန်း KIA သိမ်းပိုက်
2024.09.12
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာက စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ခြောက်ဆယ်ခန့်ရှိတဲ့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၂ ရက်နေ့ ဒီနေ့မနက်အစောပိုင်းက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စခန်းသိမ်းပြီးနောက် အဆောက်အအုံတချို့ကို မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား တွေကို KIA ဘက်က လိုက်လံဖမ်းဆီးနေရာကနေ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆိုင်းတောင် ရဲစခန်းကုန်းက ရလိုက်ပြီ။ မီးရှို့ဖျက်ဆီးပြီး တိုက်ပွဲကလည်း ဆက်ပြီးဖြစ်နေတယ်။ သေတဲ့သူတွေရှိသလို ဖမ်းမိတဲ့သူတွေလည်းရှိတယ်။ ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်”
အဲဒီစခန်းမှာ ရဲနဲ့ စစ်ကောင်စီတပ်သားအင်အား ခြောက်ဆယ်ဝန်းကျင်ရှိပြီး လမ်းသွားလမ်းလာ ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေနဲ့ မကြာခဏလက်နက်ကြီးပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ သူက ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စခန်းသိမ်းနိုင်ပေမဲ့ အသေးစိတ်မသိရသေး ဘူးလို့ RFA ကို ပြောပါတယ်။
“ရဲစခန်းသိမ်းတယ်ဆိုတာတော့ ကြားပါတယ်။ အတည်ပြုနိုင်တဲ့ သတင်းပေးချက်ကတော့ မရသေးဘူး။ အများပိုင်းက သိမ်းပြီးလို့တော့ ပြောကြတယ်။ ညနေလောက်ဆိုရင်တော့ သေချာသိရမယ်ထင်တယ်။ ဆိုင်းတောင်ကိုတော့ လမ်းကြောင်းတွေ အကုန်လုံးပိတ်ထားတယ်”
ဆိုင်းတောင်ရွာအပြင် ဖားကန့်မြို့ အဝင်အထွက်လမ်းမတွေကိုပါ KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ဖားကန့်မြို့ပေါ်မှာ လက်ရှိ စစ်ကောင်စီတပ်စခန်း ငါးခုခန့်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ဆိုင်းတောင် ကျေးရွာက Lucky Man ဟိုတယ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် KIA နဲ့ ပူးပေါင်းတပ်တွေဘက်က ဆိုင်းတောင်ရွာအဝင်အထွက် အားလုံးကို ပိတ်ဆို့ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်းတောင် တိုက်ပွဲတွေအတွင်း သေနတ်နဲ့ ပစ်သတ်ခံရတာတွေ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။