KIA စခန်းကို တပ်က သိမ်း၊ ငြိမ်းချမ်းရေး ပိုဝေးစေ

သန့်ဇင်ဦး
2019.12.05
kia-weapons-622.jpg ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တပ်မတော်က သိမ်းဆည်းရမိတဲ့ KIA ရဲ့ လက်နက်ခဲယမ်းတွေကို ၂ဝ၁၉ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေး ရွာနားမှာ နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး KIA ရှေ့တန်းကာကင်း တစ်ခုနဲ့ လက်နက်ခဲယမ်းတွေ အသိမ်းခံလိုက်ရတာ မှန်ကန်ကြောင်း KIA ဘက်က အတည်ပြုပြောဆိုပါတယ်။

KIA ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် အပစ်ရပ်လက်မှတ်ရေးထိုးမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ထိတွေ့တိုက်ပွဲမဖြစ်တာ တစ်နှစ်ကျော်ကြာ အထိမြဲခဲ့ပေမယ့်၊ ဒီနှစ် အောက်တိုဘာလကစပြီး ထိတွေ့တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ ထိခိုက် ဆုံးရှုံးမှုက ကြီးကြီးမားမား ဒါမှမဟုတ် စခန်းသိမ်းဆည်းတာမျိုးထိတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့  နိုဝင်ဘာလကုန် ၂၉ ရက်နေ့မှာဖြစ်တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာတော့ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ KIA ဘက်က တိုက်ခိုက်ရေးသမားတစ်ဦး ကျဆုံးပြီးတော့၊ လက်နက်ကြီးတချို့နဲ့ ၁၀၇ မမ ရှော့တိုက် ဒုံးတွေ သိမ်းဆည်းရရှိတာအထိ ဖြစ်လာပါတယ်။

တိုက်ပွဲဖြစ်ခဲ့တာက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာနားမှာပါ။ ဝိုင်းမော်ဟာ ကချင်ပြည် နယ်မြို့တော် မြစ်ကြီးနားရဲ့ တဖက်ကမ်းမှာရှိတဲ့မြို့ ဖြစ်ပါတယ်။ ကားနဲ့သွားရင် ၁၅ မိနစ်သာ ကြာမြင့်တဲ့ခရီးပါ။ တိုက်ပွဲဖြစ်တဲ့ နမ့်ဆန်ယန်ကျေးရွာဟာ ၂၀၁၁ မတိုင်ခင်တုန်းက အိမ်ခြေရာချီရှိတဲ့ မြစ်ကြီးနား-ဗန်းမော် အဝေးပြေးလမ်းမနံဘေးမှာ ရှိတဲ့ရွာလည်းဖြစ်ပါတယ်။

အခုကတော့ တပ်မတော်နဲ့ KIA တို့ လမ်းဘေး၊ ဝဲ၊ ယာ တဖက်စီမှာ ယာယီစခန်းတွေ တပ်စွဲထားတဲ့နေရာ လည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ KIA အလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ဘက်က ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တဲ့ ပုံစံ ဖြစ်ပြီး စခန်းတစ်ခုနဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့အခြေအနေကတော့ ၁၂ နာရီလောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ပုံစံပါပဲ၊"


၃၀ ရက်နေ့ ညနေပိုင်းမှာလည်း အဲ့ဒီနေရာတဝိုက်မှာပဲ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံး တာတွေတော့ မရှိခဲ့ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုပါတယ်။

KIA ဘက်က ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကတော့ တပ်မတော်ဘက်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ သိမ်းဆည်းခံရတဲ့လက်နက်တွေလည်း အသိမ်းခံရတာလည်း မှန်ကန် ကြောင်းပြောပါတယ်။

တပ်မတော်ဘက်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်

သိမ်းဆည်းခံရတဲ့ ကာကင်းဟာ KIA တပ်မဟာ (၅)၊ တပ်ရင်း (၁၈) လက်အောက်ခံ ရှေ့တန်းကာကင်းဖြစ်ပြီး တပ်မတော်က သတင်းထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေအားလုံး KIA ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟုတ်၊ မဟုတ် အတိအကျမသိနိုင်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နှစ်ဖက်ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ သူက ပြောပါတယ်။

KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ"ဟုတ်ပါတယ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ တိုက်ပွဲဖြစ်တာ မှန်ပါတယ်၊ တပ်မတော်ဘက်ကနေ ကျွန်တော်တို့ KIA ရဲ့ ရှေ့တန်း ကာကင်းကို လာပြီးတော့မှ ဝင်စီးတဲ့တိုက်ပွဲဖြစ်ပါတယ်။"

KIA ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရဦးဆောင် တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင် ရေး ကြိုးပမ်းနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ တဖက်မှာ သူ့ရဲ့ စစ်ရေး မဟာ မိတ်တွေအဖြစ် ဖွဲ့စည်းထားတဲ့ တအောင်းလွတ်မြောက်ရေး တပ်ဖွဲ့ TNLA၊ ရခိုင့်တပ်တော် AA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့လို တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အဖွဲ့ မဟုတ်ပါဘူး။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ ဗကပ တပ်ဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုး ကလည်း အခုလိုပြန်လည်တိုက်ပွဲဖြစ်တာကို သေချာမထိန်းချုပ်နိုင်ရင် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့ သုံးသပ်ပါတယ်။တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး ကို တွေ့ရစဉ်

"လက်နက်ကိုင်ပဋိပက္ခတွေ ကချင်ပြည်နယ်မှာ ငြိမ်သက်နေတာ တစ်နှစ်ကျော်ကြာပြီးမှ ပြန်တိုက်ပွဲဖြစ်တာတော့ ငြိမ်းချမ်းရေး အတွက်တော့ အလားအလာမကောင်းဘူးပေါ့၊ နောက်ထပ်တိုက်ပွဲ တွေကို မထိန်းချုပ်နိုင်ရင်တော့ နောက်ထပ်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။"

တပ်မတော်ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်ထဲမှာ KIA စခန်း ၁ ခု၊ အလောင်း တစ်လောင်း၊  တရုတ်နိုင်ငံထုတ် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်စင် ၁ ခုနဲ့ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ မော်တာ ၄ လုံးနဲ့ ဆက်စပ် စစ်လက်နက်ပစ္စည်းတွေပါ သိမ်းဆည်းရ မိတယ်လို့ပါရှိပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်ဘက်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကြာ ထိုးစစ်ရပ်ထားခဲ့ပြီးနောက် အောက်တိုဘာလလယ် လောက်ကစပြီး ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့အထဲမှာ နမ့်ဆန်ယန်လို ဒေသတွေလည်းပါပါတယ်။ အဲဒီရွာက စစ်ဘေးရှောင်တွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင် စခန်းတွေမှာ ၂၀၁၁ ကတည်းကနေကြရတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။