ဖမ်းဆီးသွားတဲ့ ကြံစိုက်ခင်းလုပ်သားတွေကို KIA ပြန်လွှတ်မည်


2019.03.12
kia-622.jpg KIA တပ်ဖွဲ့ဝင်တချို့ စစ်ရေးလေ့ကျင့်နေစဉ်
Photo: Kan Thar/RFA

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားတဲ့  ကြံစိုက်ခင်းလုပ်သား ၅၇ ဦးကို ပြန်လွှတ်ပေးဖို့ အောက်ခြေတပ်ရင်းကို ညွှန်ကြားထားတယ်လို့ KIA ဗဟိုက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယ်မြေအနေအထား အခြေအနေအရ စစ်ဆေးတာတွေ မလုပ်နိုင်တာကြောင့် အားလုံးကို ဖမ်းဆီးသွား ရတာဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူအများစုဟာ တအာင်းတိုင်းရင်းသားတွေဖြစ်ပြီး အဲဒီထဲက အမျိုးသားအယောက် ၂၀ နဲ့ အမျိုးသမီး ၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း၊ နောက်ထပ် ၁၀ ဦးဟာ  ဖမ်းဆီးထားချိန်အတွင်းမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရပါတယ်။ ကျန်ရှိနေတဲ့ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၂ ဦးကိုလည်း ပြန်လွှတ်ပေးဖို့ အောက်ခြေတပ်ရင်းတွေကို ညွှန်ကြားထားတာလို့ သိရပါတယ်။

ဒေသခံတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အောက်ခြေတပ်မှူးတွေကို သတိပေးသွားမယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။

ကြံစိုက်ခင်းလုပ်သားတွေ ဖမ်းဆီးခံရကြောင်း RFA က မတ်လ ၅ ရက်နေ့မှာ သတင်းထုတ်လွှင့်ပြီး တစ်ပတ်အကြာမှာ KIA အဖွဲ့ ဖမ်းဆီးထားသူ တချို့ကိုပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန်ရှိနေသူတွေကိုလည်း ထပ်လွှတ်ပေးဖို့ ညွှန်ကြားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

KIA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၈ က တပ်ဖွဲ့ဝင်တွေဟာ ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာမှာရှိတဲ့ တအာင်းပလောင်တိုင်းရင်းသားတွေ အပါအဝင် ကြံစိုက်ခင်းလုပ်သား ၅၇ ဦးကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အားလုံးလွှတ်လိုက်ပြီလို့ တပ်မဟာ ၄ တပ်မမှူးကပြောတယ်၊ တအာန်းတို့ အခြားလားဟူတို့ အားလုံးလွှတ်လိုက်ပြီလို့ပြောတယ် အားလုံးဆိုတဲ့နေရာမှာ အရေအတွက်နဲ့တော့ သူတို့မပြောဘူး သူတို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေအားလုံး လွှတ်လိုက်ပြီလို့ ပြောတယ်

KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ပြောသွားတာပါ။

KIA ရဲ့ မူဝါဒအရ လူသစ်စုဆောင်းရာမှာ အတင်းအဓမ္မ ဖမ်းခေါ်ဆောင်တာတွေမလုပ်ရဘူးလို့ တားမြစ်ထားကြောင်း နဲ့ ဒီကိစ္စမှာ အောက်ခြေက တပ်မှူးတွေ စည်းကမ်းချိုးဖောက်ခဲ့တယ်လို့ ဒုဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA ရဲ့မူက လူသစ်စုဆောင်းတဲ့ဟာတွေ ပြည်သူလူထုတွေကို အခုလိုအကြမ်းနည်းနဲ့ ဖမ်းဆီးခေါ်ဆောင် တာတွေ မလုပ်ရဘူး၊ ကျနော်တို့အမိန့်တွေ ထုတ်ထားပြီးသားဖြစ်ပါတယ်၊ ဒါပေမဲ့ ရှေ့တန်းကတပ်မှူးတွေက သူတို့တပ်ထဲမှာပေါ့နော်၊ လူသစ်စုဆောင်းတဲ့ဟာတွေနေမှာပေါ့၊ ပေါ်လစီတွေမူတွေနဲ့ ဆန့်ကျင်ဘက်လုပ်နေလို့ပါ ဒါကြောင့် အားလုံးပြန်လွှတ်ပေးလိုက်တယ်၊ လုပ်နေတဲ့တပ်မှူးတွေကို သတိပေးတာတွေရှိမှာပေါ့၊ လောလော ဆယ် အဲအပိုင်းတော့ ဘာမှမသိရသေးဘူး

တအာင်းအမျိုးသမီးအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး လွေးပိုးကမေ့ခြူး က ဖမ်းဆီးခံထားရတဲ့ တအာန်းတိုင်းရင်းသားတွေအားလုံး ကောင်းမွန်စွာ နေရပ်ပြန်ရောက်လာပြီလို့ သတင်းရထားကြောင်း RFA ကို ပြောပါတယ်။

ကျမတို့လည်း အားလုံးပြန်လွှတ်ပြီဆိုတာပဲသိတယ် ကျန်းမာရေးအကုန်ကောင်းတယ်၊ ပြန်လွှတ်လာတဲ့ ပုံတွေလည်း လက်ခံရရှိထားတယ်၊ သူတို့ကြည့်ရတာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ပုံလည်းမပေါ်ဘူး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒေသခံတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းလိုလိုရဲ့ တပ်သားစုဆောင်းခံနေရပြီး လူခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။

တပ်သားသစ်စုဆောင်းတာတွေ မရှိစေချင်တော့ဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့က လွေးပိုးကမေ့ခြူး က ပြောပါတယ်။

ကျမတို့ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာဆိုလိုရှိရင် နေရာတိုင်းလိုလိုမှာ ဒီလိုမျိုးတပ်သားသစ်စုဆောင်း တာတွေရှိတယ်၊ သက်ဆိုင်ရာစုဆောင်းတာမျိုးတွေပေါ့နော်၊ ဒီလိုဟာမျိုးတွေလည်း ရပ်တန့်စေချင်ပြီ စစ်မှန်တဲ့ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေချင်ပြီ၊ အဲဒါမှသာ နောက်ထပ် ဒီလိုမျိုး လူတွေနောက်ထပ်ဖမ်းခေါ်တာတို့ တပ်သားသစ်စုဆောင်းတာတို့ မရှိတော့မှာ

ပြီးခဲ့တဲ့ရက်ပိုင်းက နမ္မတူမြို့နယ်မှာ RCSS အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ ၁၂ ဦးဟာ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။

RCSS ဘက်ကတော့ သူတို့ဖမ်းဆီးခေါ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် နဲ့ ကိုကျော်လွင်ဦးတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။