ကေအိုင်အိုတွေ အစိုးရနဲ့ ဆွေးနွေး ဖို့ လိုင်ဇာကနေ ခရီးစတင်

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် လိုင်ဇာမှာရှိ တဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ မြစ်ကြီးနားကို မနေ့ကထွက်ခွာသွားပြီလို့ သိရပါတယ်။ ကေအိုင် အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က RFA ကို အခုလို အတည်ပြုပြောဆိုခဲ့ပါတယ်။

" ဒီနေ့ လိုင်ဇာကနေ ထွက်သွားကြပီ၊ အခါတိုင်း အမြဲတမ်းပါနေကြပေါ့ ကေအိုင်အို ကိုယ်စားလှယ်ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာကြီး ဆွမ်လွတ်ဂမ် ပါတယ်။ ဒီတစ်ခေါက် သွားတဲ့ အဖွဲ့ခေါင်းဆောင် အနေနဲ့တော့ ကေအိုင်အို အထွေထွေအတွင်းရေး မှုး ဒေါက်တာလာဂျာပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှုးကြီးဇော်တောင်၊ ဗိုလ်မှုးကြီး လဖိုင်လ ပါမယ် "

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကေအိုင်အို ကိုယ်စား လှယ်တချို့က လိုင်ဇာ လမ်းကြောင်းကသွားကြသလို တချို့က ထိုင်းနိုင်ငံကနေ သွားကြတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ ဆွေးနွေးပွဲတွေကို မတ်လ ၁၆ ရက်နေ့ ဒါမှမဟုတ် ၁၇ ရက်နေ့မှာ စတင်မယ် လို့လဲ ဦးလနန် ကပြောပါတယ်။ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အဲဒီဆွေးနွေးပွဲမတိုင်ခင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ လက လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ကိစ္စကို သီးသန့်ဆွေးနွေးမှာဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

" ဒီဗိုလ်သင်တန်းမှာ ဖြစ်တဲ့ ပစ်ခတ်မှုအပေါ်မှာ ခေါင်းစဉ်တစ်ခုအနေနဲ့ ဆွေးနွေးဖို့ အဆိုပြုထားတာ ရှိတယ်။ မနှစ်နှစ်ကုန်ပိုင်းက စပြီးတော့ ပြောခဲ့တာပါ ဒါပေမဲ့ ဒီတစ်ခေါက်ကျမှ သူတို့အနေနဲ့ အဲဒီခေါင်းစဉ် ကို ထည့်ဆွေးနွေးဖို့လက်ခံတဲ့ အတွက်ကြောင့် ကျနော်တို့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ ကနေ ပြီးတော့ ခေါင်းဆောင်အပါအဝင် နှစ်ဦး၊ သုံးဦးကို ထပ်ပြီးတော့ လွှတ်ခြင်းပါ ပထမရက်မှာ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ မယ်။ နောက်ဒုတိယနေ့က စပြီးတော့ NCCT နဲ့ UPWC ရဲ့ ပုံမှန် ၇ ကြိမ်မြောက်ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလှယ်တွေက အဲဒီမှာ လေ့လာသူအနေနဲ့ တချို့ပုဂ္ဂိုလ်တွေက ပါဝင်လေ့လာသွားဖို့ ရှိတယ် "

အဲ့ဒီ လိုင်ဇာ ကေအိုင်အို ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုပြဿနာ ဆွေးနွေးပွဲမှာ ကေအိုင်အို အဖွဲ့နဲ့အတူ တအာင်း လွတ်မြောက်ရေးတပ်မတော် (ပလောင်)အဖွဲ့နဲ့ ရခိုင်တပ်မတော် အဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါဝင်ဆွေးနွေးမယ် လို့ သိရပါတယ်ခင်ဗျာ။