ကိုးကန့်တပ်ဖွဲ့နဲ့ ပူုးပေါင်းတိုက်ခိုက် မှုမရှိကြောင်း ကေအိုင်အို ငြင်းဆို
ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မိမိတို့တပ်တွေ ပါဝင်မှုမရှိဘူးလို့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက် ပါတယ်။
-
2015-02-14 -
-
-
Your browser doesn’t support HTML5 audio
ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း မိမိတို့တပ်တွေ ပါဝင်မှုမရှိဘူးလို့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ကေအိုင်အိုတပ်တွေနဲ့ အလှမ်းဝေးကြောင်း၊ ကေအိုင်အိုအနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေပြင်ပမှာ ပါဝင်တိုက်ခိုက်ဖို့ မူဝါဒ မရှိကြောင်း KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။
"ပူးပေါင်းတပ်ဖွဲ့ဆိုတဲ့ဟာမျိုး ပြောဆိုတာမျိုးတွေ ရှိခဲ့ပါတယ်၊ ပလောင်တပ်ဖွဲ့တို့၊ အေအေ တပ်ဖွဲ့ဝင် တို့တော့ အဲ့မှာပါတာမျိုးတို့ရှိတယ်၊ ဒါပေမယ့် အခုဒီသံလွင်မြစ်ရဲ့ အရှေ့ဘက်ခြမ်း မှာဖြစ်တဲ့ လောက်ကိုင်ဒေသမှာ ဖြစ်တဲ့တိုက်ပွဲမှာတော့ ကျနော်တို့ ဒီၤတပ်ဖွဲ့ဝင်တွေ မပါဘူးခင်ဗျ၊ အဲ့လောက်ထိ ကျနော်တို့ ရှင်းစရာလည်းမရှိဘူးခင်ဗျ၊ ကိုယ့်ရဲ့နယ်မြေ မဟုတ်တဲ့နေရာမှာ တိုက်ပွဲဝင် ပြီးဆင်နွဲှတာမျိုးတော့ ကျနော်တို့ဘက်မှာပြုလုပ်ဖို့ ပေါ်လစီလည်းမရှိဘူး"
MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းကတော့ အစိုးရစစ်တပ် ခ.လ.ရ ၁၂၉ နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ကိုးကန့်တပ်မတော် MNDAA အပြင် KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ TNLA တအာင်း လွတ်မြောက်ရေး တပ်မတော် ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ နဲ့ AA ရခိုင့်တပ်မတော်တို့ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကိုးကန့်တိုက်ပွဲအတွင်း ပြည်တွင်းပြည်ပ အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့ မနေ့က ပြောဆိုကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
"မနေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ နေပြည်တော်မှာတွေ့တဲ့အခါမှာတော့ ဒီလိုပေးတဲ့အဖွဲ့တွေရှိတယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ဒီလိုအထောက်အထားတွေ ရထားတယ်၊ ဒီလိုလုပ်တဲ့အဖွဲ့တွေအနေနဲ့ တာဝန်ယူရ လိမ့်မယ်၊ မကြာခင်မှာ ဒါတွေနဲ့ပတ်သက်လို့ သတင်းအတိအကျကိုလည်း သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ ထုတ်ပြန်မယ်လို့ ပြောခဲ့တာရှိပါတယ်၊ နာမည်ကတော့ အတိအကျတပ်ပြီးတော့ ပြော တာမရှိပါဘူး၊ သို့သော် ကိုးကန့်ဘက်ကတော့ သူတို့နဲ့အတူ တအောင်းတို့၊ ကေအိုင်အေတို့ ပေါင်း ပြီးတော့ တိုက်ခိုက်တာတော့ရှိပါတယ်၊ အဓိကတော့ဗျာ ဒီအဖွဲ့တွေ ပြန်ဝင်တဲ့အခါမှာ သူတို့ကိုင်ဆောင် တဲ့ လက်နက်အရရော၊ အင်အားအရရော ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေ နောက်တစ်ခါ အခြားပြည် ပအဖွဲ့အစည်းတွေရဲ့ အကူအညီမပါပဲနဲ့ ဒီအဖွဲ့တွေ ဒီလိုဝင်ရောက်တိုက်ခိုက်နိုင်စွမ်း မရှိဘူးဆိုတာတော့ ရှင်းပါတယ်"
မြန်မာအစိုးရအနေနဲ့ မြန်မာ-တရုတ် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူးထံကိုလည်း ရှင်းလင်းအသိပေးထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။