ဗိုလ်ချုပ် ဂွမ်မော်ကို ကေအိုင်အို ဒုဥက္ကဌ-၂ အဖြစ် ပြောင်းလဲ တာဝန်ပေး

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုရဲ့ ဒုတိယဥက္ကဋ္ဌ - ၂ အဖြစ် ဗဟိုကော်မတီ အစည်းအဝေးကနေ ပြောင်းလဲတာဝန်ပေးလိုက်ပါ တယ်။

ကေအိုင်အို ဗဟိုကော်မတီ အစည်းအဝေးကနေ ကေအိုင်အို ခေါင်းဆောင်ပိုင်းကို ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ် တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။

"ဥက္ကဌကြီးကတော့ လက်ရှိ ဦးဇောင်းဟရား ပဲဆက်လုပ်သွားမယ်၊ ဗိုလ်ချုပ် ဂွမ်မော်ကတော့ ဒုဦးစီးချုပ်ကနေ ဒုတိယဥက္ကဌ(၂) နေရာယူထားတယ်၊ ပြီးရင် UNFC ကိုလည်း တစ်ပိုင်းကြည့်မယ်၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း သူတောက်လျှောက်ပါဝင်မယ်၊ အနေအထား အပြောင်းအလဲတွေရှိတာပေါ့၊ ဒုတိယဦးစီးချုပ် ကတော့ နှစ်ယောက်ဖြစ်မှာပေါ့နော်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အသစ်ခန့်လိုက်တဲ့ ဗိုလ်မှူးချုပ် ခေါင်လွမ်းနဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာတို့က ဒုတိယ စစ်ဦးစီးချုပ်တွေအဖြစ် ရှိနေမှာဖြစ်ပြီး ကေအိုင်အိုရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်ကို ဗိုလ်မှူးချုပ် အဖြစ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေရဲ့ လက်ရှိ စစ်ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင် ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့အတွက် အကြံပေးအဖွဲ့ ဖွဲ့စည်းသွား မှာ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ဖြစ်သလို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ဦးဆောင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။